19.2.14

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ ပဲခူး၊ ရခိုင်နှင့် ကချင်ပြည်နယ်တို့တွင် ကျင်းပမည်



19-2-2014

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ (Myanmar Youth Forum) ကို ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် ဒေသများတွင် ဖေဖော်ဝါရီလ အတွင်း ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း Myanmar Youth Forum မှ ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် ဦးဖုန်းမြတ်ဟန်က ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲကို ချိတ်ဆက်နိုင်ရန် မွန်ပြည်နယ်လုံး ဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၁၈ ရက် နှင့် ၁၉ ရက် နေ့တို့တွင် မော်လမြိုင်ရှိ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်တွင် ကျင်းပလျက် ရှိကြောင်း မွန်ပြည်နယ်လုံး ဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ (Mon State Youth Forum) ဖြစ်မြောက်ရေး ကော်မတီမှ ဦးကြည်ဇော်လွင်က ပြောဆိုသည်။

ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် မော်လမြိုင် တက္ကသိုလ် ဒုတိယပါမောက္ခ ဦးအောင်မြတ်ကျော်စိန်က လူငယ်နှင့်ပညာရေး အကြောင်း၊ သံလွင်တိုင်းမ် အယ်ဒီတာ ဦးမင်းမင်းလတ်က လူငယ်နှင့် ယဉ်ကျေးမှု ဓလေ့အပြောင်းအလဲနှင့် ဆရာဦးမြင့်ဇော်က လူငယ်နှင့် သဘာဝပတ်ဝန်းကျင် အကြောင်းတို့ကို ဟောပြောဆွေးနွေး ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

"အဓိကတော့ နိုင်ငံလုံးဆိုင်ရာ လူငယ်မှုဝါဒ တစ်ခု ပေါ်ထွန်းလာဖို့ရယ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်ကွန်ရက် တစ်ခုပေါ်ပေါက်ရေး အတွက် ဖြစ်တယ်။ နောက်ပြီး ဒေသတွင်း လူငယ်ဖိုရမ် တွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပနိုင်ရေး၊ အာဆီယံ လူငယ်ဖိုရမ်ကို ချိတ်ဆက်နိုင်ရေး အတွက် ဖြစ်ပါတယ်။ မတ်လ ၃၊ ၄၊ ၅ မှာက မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်စမှာ ဆိုတော့ ဒေသတွင်း ဖိုရမ်ကို ဒီလထဲ အပြီး လုပ်သွားမယ်။ မွန်ပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခုကတော့ ပြီးနေပါပြီ" ဟု ဦးဖုန်းမြတ်ဟန်က ပြောဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီးတွင် ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment