15.2.14

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ဘားအံဆွေးနွေးပွဲအကြို ဒုတိယမြောက်တွေ့ဆုံမှုကို ယခုလ ၂၀ ရက်နောက်ပိုင်း ရန်ကုန်မြို့၌ ပြုလုပ်မည်


15.2.2014

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့၏ ဘားအံဆွေးနွေးပွဲအကြို ဒုတိယမြောက်တွေ့ဆုံမှုကို ယခုလ ၂၀ ရက်နောက်ပိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း Myanmar Peace Center မှ သိရသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ဆွေးနွေးမည့် ဘားအံဆွေးနွေးပွဲအကြို ပထမဆုံးညှိနှိုင်းပွဲကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီအတွင်းက ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"အရင်တုန်းကတော့ ၀န်ကြီးဦးအောင်မင်းနဲ့ ဦးနိုင်ဟံသာ၊ ဦးကွယ်ထူးဝင်းတို့ကတော့ ၂၀ ရက်ကျော်မှာတွေ့ဖို့ လျာထားတာ အဲဒီအတွက် ပြင်ဆင်နေကြတုန်းပဲ။ ရန်ကုန်မှာပဲ ၂၀ ရက်ကျော်မှာပဲ ဖြစ်ပါဘယ်။ ဘယ်နေ့လည်းဆိုတာကိုတော့ ညှိနှိုင်းတုန်းပဲဖြစ်ပါတယ်"ဟု Myanmar Peace Center မှ ဦးလှမောင်ရွှေက ပြောကြားသည်။

လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ NCCT အဖွဲ့တို့၏ ညှိနှိုင်းဆွေးနွေးမှုများအရ ဘားအံဆွေးနွေးပွဲမှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ပြီး နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်သွားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဦးလှမောင်ရွှေက ပြောကြားသည်။

"အဓိကတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတာ အဓိကကတော့ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ချင်လို့သွားသည့် အဆင့်တစ်ခုပါပဲ။ တကယ့်အရေးကြီးဆုံးကတော့ နိုင်ငံရေးဆွေးနွေးပွဲပါပဲ။ ဘားအံမှာလုပ်မယ့် ဆွေးနွေးပွဲပျက်သွားတာမျိုးတော့ မရှိနိုင်ပါဘူး။ ရွှေ့ဆိုင်းတယ်ဆိုတာကတော့ နှစ်ဖက်ခေါင်းဆောင်တွေညှိနှိုင်းပြီးမှ သိနိုင်မယ့်ကိစ္စပါ"ဟု ၎င်းက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် NCCT အဖွဲ့ခေါင်းဆောင်များဖြစ်သည့် ဦးနိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်းတို့သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာကုန်ပိုင်းက ထိုင်းနိုင်ငံချင်းမိုင်တွင် တွေ့ဆုံခဲ့ပြီး KNU နယ်မြေတွင် ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒုတိယညီလာခံအပြီးတွင် ဘားအံဆွေးနွေးပွဲအား တိုက်ရိုက်မဆွေးနွေးသေးဘဲ အထောက်အကူဖြစ်စေမည့် ညှိနှိုင်းမှုများပြုလုပ်ရန် နှစ်ကြိမ်(သို့မဟုတ်)သုံးကြိမ်တွေ့ဆုံကာ လိုအပ်သည့် ညှိနှိုင်းမှုများပြုလုပ်သွားမည်ဟု သဘောတူညီမှု ရရှိထားကြောင်း သိရသည်။ ဘားအံဆွေးနွေးပွဲကို မူလက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ပြုလုပ်ရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ မြစ်ကြီးနားဆွေးနွေးပွဲမှ ထုတ်ပြန်ခဲ့သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး လုပ်ငန်းစဉ်များ ရလဒ်ပိုမိုကောင်းမွန်စေရန်အတွက် ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောဆိုထားပြီး ဘားအံဆွေးနွေးပွဲကို မတ်လအတွင်းပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

Eleven Media Group

၂၀၁၃ ခုနှစ် နိုဝင်ဘာလက မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သောအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

0 comments:

Post a Comment