15.2.14

ကန်ကြီးထောင့် ပေပင်ကြီးရွာ၌ စခန်းသွင်း လေ့ကျင့်နေသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသားများ အစာအဆိပ်သင့်


Saturday, February 15, 2014

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ပေပင်ကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် စခန်းသွင်း လေ့ကျင့်နေသည့် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသားများ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အစာအဆိပ်သင့်ခဲ့သဖြင့် ကျောင်းသား ၁၅ ဦး ပုသိမ် ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသခံနေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။
“ယောက်ျားလေး ၁၀ ဦး၊ မိန်းကလေးငါးဦး ဆေးရုံတက်နေပါတယ်။ အားလုံး အခြေအနေ ကောင်းပါတယ်” ဟု ပုသိမ်ဆေးရုံမှ ဒုတိယ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စိန်စိန်က ပြောကြားသည်။


နံနက် ၆ နာရီဝန်းကျင်က ထမင်းနှင့် ဘဲဥ၊ ငံပြာရည်ချက် တို့စားခဲ့သည့် ကျောင်းသား ၆၅ ဦးအနက် ၃၂ ဦး မူးဝေ အော့အန်ပြီး ပုသိမ်ဆေးရုံသို့ ၁၅ ဦး တက်ရောက် ကုသကာ ကျန်သူများကို ဆရာဝန် အဖွဲ့တစ်ဖွဲ့က အဆိုပါရွာသို့ သွားရောက် ကုသပေးနေကြောင်း ပေပင်ကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းဆရာ ဦးစိုးနိုင်က ရှင်းပြသည်။

မည်သည့် အတွက်ကြောင့် ဖြစ်ရသည်ကို သိရှိနိုင်ရေးအတွက် အစားအစာ၊ ရေနှင့် အန်ဖတ်များကို ဓာတ်ခွဲကြည့်ရှုရန် သီးခြားအဖွဲ့တစ်ဖွဲ့ စေလွှတ်၍ နမူနာများ ရယူနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ပေပင်ကြီးကျေးရွာသည် ပုသိမ်မြို့နှင့် ၁၃ မိုင်ခန့် ကွာဝေးပြီး တက္ကသိုလ်ဝင် တန်းကျောင်းသားများကို ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စခန်းသွင်းထားကာ ကျောင်းသားမိဘများက အလှည့်ကျ စနစ်ဖြင့် ချက်ကျွေးခြင်း ဖြစ်ကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment