15.2.14

ကိုးရီးယားနိုင်ငံ အင်ချွန်းမှာ မတ်လ ၁၆ ရက်နေ့ပြုလုပ်မယ့် 7.Ladies Show in Korea ပွဲမှာ ပါဝင်ဖျော်ဖြေ သီဆိုကြမယ့် အဆိုတော်တွေနဲ့ ပွဲစီစဉ်သူတွေကို မေးမြန်းပေးထားပါတယ်။ (သန့်ဇင်ဦး)



ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

L လွန်းဝါ

ကျွန်တော်က ဒီပွဲအပါအဝင် ကိုရီးယားကို သွားဖျော်ဖြေဖြစ်တာ လေးပွဲလောက် ရှိပါပြီ။ ဒီပွဲမတိုင်ခင် ကြားထဲမှာ ကိုရီးယားကို သွားဖျော်ဖြေဖို့ စီစဉ်လိုက်သေးတယ်။ အစီအစဉ် ပျက်သွားလို့ မသွားဖြစ်တာ။ ကျွန်တော်နဲ့ ကိုဟဲလေးက ဒီပွဲလေးမှာ ကူညီပြီး ဆိုပေးတဲ့ သဘောပါ။ အဓိက ကတော့ မိန်းကလေး အဆိုတော် ခုနစ်ယောက်ရဲ့ ပွဲပေါ့။ သူတို့ထဲမှာက ကျွန်တော်နဲ့ စုံတွဲဆိုလို့ ရတဲ့ သူက အိမ့်ချစ်၊ ဝိုင်းစုနဲ့ N ကိုင်ရာ တို့လောက်ပဲ ရှိတယ်။ ကျန်တဲ့သူတွေက အငယ်တွေ ဆိုတော့ သူတို့နဲ့ စုံတွဲ သိပ်မဆိုဖူးဘူး။ ကိုရီးယားက မြန်မာပရိသတ်တွေက ကျွန်တော်တို့တွေ သွားဆိုကြရင် တော်တော်လေး အားပေးတယ်။ အဲဒီမှာ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ မြန်မာ အလုပ်သမားတွေက တကယ့်ကို ပင်ပင်ပန်းပန်း အလုပ် လုပ်ကြရတာပါ။ ကိုရီးယားတို့၊ ဂျပန်တို့က ကုန်ကျစရိတ်လည်း အရမ်းများတဲ့အခါကျတော့

အနုပညာရှင်တွေ သွားတာ နည်းကြတယ်။ အဲ့ဒီအတွက် လာဖျော်ဖြေတဲ့ အနုပညာရှင်တွေကို အရမ်းအားပေးကြတယ်။ ကျွန်တော်တို့လည်း သူတို့ကို ကြည့်ပြီး ပျော်ရတယ်။ ပီတီ ဖြစ်ရပါတယ်။ အခက်အခဲကတော့ ကိုရီးယားတွေက အင်္ဂလိပ်စကား သိပ်မပြောတတ် တဲ့အတွက် တစ်နေရာကနေ တစ်နေရာ သွားချင်လို့ လှမ်းမေးတဲ့အခါပဲ ဖြစ်ဖြစ်၊ ဆိုင်တစ်ဆိုင်ဝင် ဝယ်ရင်ပဲဖြစ်ဖြစ် သူတို့စကား မပြောတတ်ရင် ဒုက္ခရောက်တယ်။

N ကိုင်ရာ

ဒီပွဲအတွက် ညီမတို့ ဒီကနေ ကိုရီးယားကို မတ်လ ဆယ့်နှစ်ရက်နေ့လောက် ထွက်မယ်။ ဒီပွဲက ကိုရီးယားမှာ ကိုင့်ရဲ့ ပထမဆုံးပွဲပါ။ ပြည်ပနိုင်ငံမှာ ရောက်နေတဲ့ ကိုယ့်ပရိသတ်တွေကို ဖျော်ဖြေခွင့်ရမှာ ဖြစ်တဲ့အတွက် ကိုင် အရမ်းပျော်ပါတယ်။ ဒီပွဲမှာ သီချင်းဟောင်းတွေရော သီချင်းသစ်တွေပါ မျှပြီး ပရိသတ်တွေကို ဖျော်ဖြေမှာပါ။

ကျော်သီဟ (ဆုံစည်းရာ မြန်မာစတိုး)

ကိုယ်က ကိုရီးယားမှာ ဆုံစည်းရာ နာမည်နဲ့ ကုမ္ပဏီ ဖွင့်ထားပါတယ်။ အဓိကကတော့ မြန်မာ အလုပ်သမားတွေ စားဖို့အတွက် Ready Made အစားအစာလေးတွေ ရောင်းတဲ့ ဆိုင်လေးပါ။ ဒီပွဲလေးကလည်း ကိုရီးယားမှာ အလုပ် လုပ်နေတဲ့ မြန်မာ လုပ်သားတွေကို ဖျော်ဖြေတဲ့ ပွဲလေးပါပဲ။ သူတို့မှာက နေ့ဆိုင်းတွေရော၊ ညဆိုင်းတွေရော အလုပ်လုပ်ပြီး ပိုက်ဆံပဲ ရှာနေရတာ။ အပန်းဖြေစရာ ဘာမှမရှိဘူး။ ဒီပွဲလေးက သူတို့ အပန်းဖြေလို့ရအောင် လုပ်ပေးတဲ့ ပွဲလေးပါ။
ဒီပွဲလေးတွေ လုပ်ဖို့အတွက် စီစဉ်ရတဲ့ အခက်အခဲကတော့ သိပ်မရှိပါဘူး။ ကိုယ်တို့က ကိုရီးယားမှာ နေတာလည်း နှစ် နှစ်ဆယ်ကျော်ပြီ။ ဟိုမှာက မြန်မာကုမ္ပဏီကလည်း သိပ်မရှိတော့ သံရုံးကလည်း ကိုယ်တို့ကို သိကြတဲ့အတွက် ဗီဇာ ကိစ္စတွေ ဘာတွေက အခက်အခဲ မရှိပါဘူး။ ကိုယ်က ကိုရီးယားမှာ အနေများတော့ ဒီဘက်က အဆိုတော်တွေခေါ်ဖို့ ကိစ္စတွေကို ကိုယ်နဲ့ ညီအစ်ကိုလို နေတဲ့ အီကြာကွေးတို့ ဟဲလေးတို့ Lလွန်းဝါတို့ကို စီစဉ်ခိုင်းပါတယ်။ ပွဲအတွက် ခေါ်ဖို့ အဆိုတော်တွေကို စဉ်းစားတဲ့ နေရာမှာတော့ ကိုရီးယားကို မရောက်ဖူးသေးတဲ့သူတွေ၊ မြန်မာ အလုပ်သမားတွေ ကြိုက်နိုင်တဲ့ သူတွေကို ဦးစားပေးပြီး ခေါ်ဖြစ်တယ်။
ကိုယ်တို့က ကိုယ့်မြန်မာတွေ နိုင်ငံရပ်ခြားမှာ အလုပ် လာလုပ်ရင်း စိတ်အပန်းပြေအောင်သာ ပွဲတွေ စီစဉ်ဖြစ်နေတာ။ တကယ်တော့ ကိုယ်တို့ လုပ်သမျှ ပွဲတိုင်းက ရှုံးတယ်။ နိုင်ငံတိုင်းမှာ မြန်မာ လုပ်သားတွေ ရှိကြပေမယ့် ကိုရီးယားမှာက အရေအတွက် အနည်းဆုံးပဲ။ ကိုရီးယား တစ်နိုင်ငံလုံးမှာမှ မြန်မာလုပ်သားက တစ်သောင်းခွဲလောက်ပဲ ရှိတယ်။ ပွဲလုပ်ရင် လာကြည့်ကြတဲ့သူကလည်း တစ်ပွဲကို အယောက် လေးငါးရာလောက်ပဲ ရှိတယ်။ ဒီပွဲအတွက် လက်မှတ် ဈေးနှုန်းကို ဝမ်ငါးသောင်း သတ်မှတ်ထားတယ်။ မြန်မာငွေနဲ့တော့ လေးသောင်းလောက် ရှိမှာပေါ့။

အိချောပို

ဒီပွဲလေးမှာ ပါဝင်ပေးဖို့ ချောကို ကိုဟဲလေးက အကူအညီ တောင်းတာပါ။ ပုံမှန်ဆိုရင်တော့ ချော ကြောက်တာနဲ့ ပါဖြစ်မှာ မဟုတ်ဘူး။ ချောက သရုပ်ဆောင် ဖြစ်တဲ့အတွက် သရုပ်ပဲ ဆောင်တတ်တာ။ အဆိုပိုင်းမှာ ချော အားလည်း နည်းတယ်။ ဆိုလေ့လည်း မရှိဘူး။ ကိုဟဲလေးကလည်း ဒီပွဲအတွက် ပွဲမတိုင်ခင် Rehearsal တွေလည်း အကြိမ်ကြိမ် လုပ်မှာပါလို့ ချောကို ပြောထားတယ်။ ချောက ပရိသတ်တွေ သိပြီးသား သီချင်းတွေဖြစ်တဲ့ အန်တီဟေမာ၊ အန်တီမေဆွိ ၊ အန်တီကော်နီ၊ မဆုန်သင်းပါရ်တို့ သီချင်းတွေပဲ ဆိုပေးဖြစ်မယ်။ ချောကို ကိုဓိရာမိုရ် ရေးပေးထားတဲ့ သီချင်းလေးတွေ လည်း ရှိတော့ရှိတယ်။ ဒါပေမဲ့ အဲဒီပွဲမှာကျတော့ ပရိသတ် သိပြီးသား သီချင်းဟောင်းလေးတွေဆိုရင် ပိုအဆင်ပြေမလားလို့။ သီချင်းကတော့ တစ်ယောက်ကို ငါးပုဒ်စီလောက် ဆိုရမယ်လို့ ကိုဟဲလေးက ပြောထားတယ်။ ချောတို့က ကိုရီးယား ရောက်ရောက်ချင်း သုံးရက် လည်မယ်။ နောက်ရက် သီချင်းဆိုမယ်။ နောက်ထပ် သုံးရက် ထပ်လည်ကြမယ်။ ဒီပွဲလေးအတွက် ချော အရမ်း စိတ်လှုပ်ရှားနေပါတယ်။ အသံလည်း အရမ်းကောင်းတဲ့၊ ဆိုလည်း ဆိုတတ်ကြတဲ့ အဆိုတော်တွေနဲ့အတူ သွားရမှာ ဖြစ်တဲ့အတွက် ပျော်လည်း ပျော်သလို ရင်လည်း ခုန်နေပါတယ်။

မိစန္ဒီ

ဒီပွဲက ကိုရီးယားမှာ ညီမ ပထမဆုံး သွားဖျော်ဖြေရမယ့် ပွဲဖြစ်တဲ့အတွက် ရင်လည်းခုန်တယ်။ စိတ်လည်း လှုပ်ရှားတယ်။ ညီမတို့က ကိုယ့်ကို လာငှားတဲ့ ပွဲတိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစား ဖျော်ဖြေတဲ့အတွက် ဒီပွဲကိုလည်း သေချာ ပြင်ဆင်မှုတွေ ပြုလုပ်သွားမယ်။ ပြည်ပမှာ ပင်ပင်ပန်းပန်း အလုပ် လုပ်နေကြတဲ့ ကိုယ့်နိုင်ငံသားတွေကို အကောင်းဆုံး ဖျော်ဖြေသွားပါမယ်။ သီချင်းအနေနဲ့ကတော့ မိစန္ဒီကို ပရိသတ်တွေ အားပေးကြတဲ့ မငြိုငြင်ရက်ဘူးတို့၊ ရေခဲရိုက် အပြုံးတို့၊ မိုနိုပိုလီတို့လို သီချင်းတွေအပြင် အတွဲခွေတွေထဲက ပရိသတ်တွေ ကြိုက်ကြတဲ့ သီချင်းတွေကို ဒီပွဲမှာ ဖျော်ဖြေသွားပါမယ်။ ဖက်ရှင်နဲ့ ပတ်သက်လို့ကတော့ ဒီပွဲမှာပါတဲ့ အဆိုတော်တွေ အားလုံးက ကိုယ်နဲ့လိုက်တဲ့ ဖက်ရှင်တွေကို အကောင်းဆုံး ဝတ်ကြမှာပဲလို့ မိစန္ဒီ ထင်ပါတယ်။ မိစန္ဒီလည်း ကိုယ်နဲ့လိုက်တဲ့ ပုံစံလေးတွေကို စဉ်းစားပြီး ဝတ်ဖြစ်မှာပါ။

The Voice Weekly

0 comments:

Post a Comment