15.2.14

ဒေါက်တာ ဒေါ်ခင်စန်းရီကို ပညာရေးဝန်ကြီး အဖြစ် ခန့်အပ်ရန် လွှတ်တော်အတည်ပြု


Saturday, February 15, 2014

ဒေါက်တာ ဒေါ်ခင်စန်းရီကို ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် လွှတ်တော်အတည်ပြု လစ်လပ်လျက် ရှိသော ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနေရာတွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီကို ခန့်အပ်ရန်အတွက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့၏ ဒုတိယမြောက် အမျိုးသမီး ပြည်ထောင်စုဝန်ကြီး ဖြစ်လာမည့် ဒေါက်တာ ဒေါ်ခင်စန်းရီကို ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ယန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသော ဒေါက်တာ ဒေါ်ခင်စန်းရီကို လစ်လပ်လျက်ရှိသော ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ဒေါ်ခင်စန်းရီသည် ၁၉၈၇ ခုနှစ်မှစ၍ ၂၀၁၂ ခုနှစ်အထိ ဒေသကောလိပ်နည်းပြ တာဝန်မှစ၍ ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင် တာဝန်ခံ ပါမောက္ခချုပ်အထိ အဆင့်ဆင့် တာဝန်ယူခဲ့သူ ဖြစ်ပြီး ၎င်းကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ရန် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ထောက်ခံထားကြောင်း ယင်းဌာနထံ သိရသည်။

ပညာရေးဝန်ကြီး ဒေါက်တာမြအေးသည် ဒီဇင်ဘာလအတွင်း ကွယ်လွန်ခဲ့ပြီး နှစ်လခန့် အကြာတွင် ယခုကဲ့သို့ ပြန်လည် အစားထိုး ခန့်အပ်ခဲ့ခြင်း ဖြစ်
သည်။

မြန်မာနိုင်ငံတွင် ပြည်ထောင်စုဝန်ကြီး ဌာနပေါင်း ၃၆ ခုရှိပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ် အုန်းခင် အပါအဝင် အမျိုးသမီး ပြည်ထောင်စု
ဝန်ကြီး နှစ်ဦး ရှိလာပြီ ဖြစ်သည်။

THE VOICE JOURNAL

0 comments:

Post a Comment