8.2.14

အလုပ်အကိုင်များ ဖန်တီးပေး နိုင်ရန်နှင့် နိုင်ငံခြားဝင်ငွေ တိုးမြင့်လာစေရန် valued added ထုတ်ကုန်များ ထုတ်လုပ် တင်ပို့နိုင်ရန်လို


မြန်မာနိုင်ငံမှ ထွက်ရှိသော အသီးအနှံများ၊ သံသတ္တုရိုင်းများ၊ သစ်တောထွက် ပစ္စည်းများ အစရှိသည်တို့ကို ပြည်ပသို့ တင်ပို့ရာတွင် ကုန်ကြမ်းအဖြစ် တင်ပို့ခြင်းအစား ကုန်ချော ပြုလုပ်ကာ တန်ဖိုးမြှင့်ထုတ်ကုန် (Valued Added Product) များအဖြစ် ပြောင်းလဲတင်ပို့မည် ဆိုပါက အခြေခံလူတန်းစားများ အတွက် အလုပ်အကိုင်များစွာကို ဖန်တီးပေးလာနိုင်မည့် အပြင် နိုင်ငံခြားဝင်ငွေ လည်း ပိုမိုတိုးမြင့်လာမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

၎င်းက ပြောကြားရာ၌ ယင်းကဲ့သို့ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြောင်းလဲ ထုတ်လုပ်ရာတွင် လယ်ယာထွက်ကုန်များ ဖြစ်သည့် ဆန်ကွဲ၊ ပြောင်း၊ နှမ်း၊ နေကြာ အစရှိသည်တို့ကို ကြာဆံ၊ သာဂူ၊ စားသုံးဆီ၊ ဆီမွှေးနှင့် တခြားအသင့်စား စားသောက်ကုန်များ အဖြစ် ပြောင်းလဲ ထုတ်လုပ်ခြင်း၊ တွင်းထွက်ပစ္စည်းများ ဖြစ်သော ခဲ၊ သံ စသည့် သတ္တုရိုင်းများကို ဘက်ထရီ ပလိတ်ပြားများ၊ အိမ်ဆောက်ပစ္စည်းများ၊ စက်ကိရိယာ အစိတ်အပိုင်းများ စသည်ဖြင့် ပြောင်းလဲ ထုတ်လုပ်ခြင်းနှင့် သစ်တောထွက် ပစ္စည်းများ ဖြစ်သည့် သစ်မာများ၊ ရော်ဘာများ ကိုလည်း ပရိဘောဂ ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ မော်တော်ကား၊ ဆိုင်ကယ်များ အတွက် ကျွတ်များ၊ တာယာများ စသည်ဖြင့် ပြောင်းလဲထုတ်လုပ်ခြင်း အစရှိသော တန်ဖိုးမြှင့် ထုတ်ကုန် (Valued Added Product) များအဖြစ် ပြည်တွင်းမှ ထွက်ရှိသော ကုန်ကြမ်းများကို တန်ဖိုးမြှင့် ထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့နိုင်ရန် ပြည်တွင်းရှိ ကုမ္ပဏီကြီးများက အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ (SME) နှင့် ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထိုသို့ ပူးပေါင်း ဆောင်ရွက်ပါက မြန်မာနိုင်ငံတွင် SME လုပ်ငန်းများသည် စုစုပေါင်း စီးပွားရေး လုပ်ငန်းအားလုံး၏ ၉ဝ ရာခိုင်နှုန်းကျော် ရှိသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါများလာပြီး အလုပ်လက်မဲ့ ဦးရေ လျော့နည်းလာခြင်းနှင့် အတူ နိုင်ငံတော်မှ ဆောင်ရွက်နေသည့် ဆင်းရဲမှု လျှော့ချရေးအတွက် များစွာအကျိုး သက်ရောက်စေ နိုင်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ဆောင်းဦး

ကြေးမုံသတင်းစာ

0 comments:

Post a Comment