8.2.14

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် မန္တလေးတွင် လူထုစုဝေး ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်မည်

မန္တလေးမြို့တော်တွင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် လူထုထောင်ချီ လူထုစုဝေး ဆန္ဒဖော်ထုတ်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်မည့် မန္တလေးမြို့ဒေသခံ အထက်တန်းရှေ့နေ ဦးဌေးဝင်းက ပြောကြားသည်။
အဆိုပါ လူထုဆန္ဒ ဖော်ထုတ်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် လူထောင်ချီ လမ်းလျှောက် ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့် တောင်းခံထားသော်လည်း ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးက လူထုစုဝေး ဆန္ဒဖော်ထုတ်မှုကိုသာ ခွင့်ပြုမည် ဖြစ်သည့်အတွက် ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ထုတ်ပွဲ ကိုသာ ပြုလုပ်တော့မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အောင်မြေသာစံ မြို့နယ်ရုံးက ခေါ်ပြီးတော့ ညှိနှိုင်းပါတယ်။ လူထောင်ချီ လမ်းလျှောက် ဆန္ဒဖော်ထုတ်မယ်ဆိုရင် ယာဉ်ကြော ရှုပ်ထွေးပြီး လမ်းပိတ်ဆို့တာတွေ ဖြစ်နိုင်တဲ့အတွက် တစ်နေရာရာစုပြီး ဟောပြောရင် အချိန်နှစ်နာရီ ခွင့်ပြုမယ်။ တက်ရောက်ဦးရေကိုလည်း ၃၀၀ ပဲ ခွင့်ပြုမယ်ဆိုပြီး ညှိနှိုင်းတဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း လမ်းမလျှောက်ဖို့ လက်ခံ လိုက်တယ်။ ဒါပေမဲ့ ၃ ရက်နေ့တုန်းက ဆန္ဒထုတ်ဖော်ခွင့် ပယ်ချခံခဲ့ရတဲ့ အဖွဲ့နဲ့ ပေါင်းပြီး လုပ်ရမယ်လို့ ပြောတဲ့အတွက် အဖွဲ့နှစ်ဖွဲ့ပေါင်းမှာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ စုဝေး ဆန္ဒဖော်ထုတ်ပွဲအတွက် ၁၂ လမ်း x ၈၆ လမ်း၊ ၁၇ x ၁၈ လမ်းကြား၊ ၈၆ လမ်းနှင့် ၂၆ လမ်း၊ ၇၈ x ၈၀ လမ်းကြားတို့တွင် ခွင့်ပြုရန် ဖေဖော်ဝါရီ ၇ ရက်နေ့က စာတင်ထားပြီး ၁၂ လမ်း x ၈၆ လမ်းနှင့် ၁၇ x ၁၈ လမ်းကြား၊ ၈၆ လမ်း တို့တွင် ခွင့်ပြုချက် ရရှိပါက ကြွေးကြော်သံများ၊ ဆိုင်းဘုတ် ကိုင်ဆောင်မှုများအပြင် ဟောပြောမှုကိုပါ ပြုလုပ်သွားမည် ဖြစ်ပြီး ၂၆ လမ်း၊ ၇၈ နှင့် လမ်း ၈၀ ကြားတွင် ခွင့်ပြုချက် ရရှိပါက ငြိမ်သက်စွာ စုဝေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးထွန်းလင်းက ပြောကြားသည်။

“ကျွန်တော်တို့က ၃ ရက်နေ့မှာ စီတန်းလမ်းလျှောက်ဖို့ ခွင့်ပြုချက်တောင်းတုန်းက ပယ်ချခံခဲ့ရတဲ့ အဖွဲ့ပါ။ အယူခံတင်ထားတုန်း အဖွဲ့နှစ်ဖွဲ့ ပေါင်းမယ်ဆိုရင်တော့ ခွင့်ပြုမယ်ဆိုတဲ့အတွက် ကိုယ့်မန္တလေးက လူတွေအချင်းချင်း စည်းလုံးမှုကိုလည်း ပြချင်တဲ့အတွက် ပေါင်းပြီးလုပ်ဖို့ ဆုံးဖြတ် လိုက်တာပါ” ဟု ဦးထွန်းလင်းက ဆိုသည်။

အဆိုပါ လူထု ဆန္ဒဖော်ထုတ်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့နံနက် ၁၀ နာရီမှ ၁၂ နာရီအထ ပြုလုပ်မည် ဖြစ်ပြီး အခြေခံဥပဒေ အမြန်ဆုံး ပြင်ဆင်ရေး၊ လေးပွင့်ဆိုင် အမြန်ဆုံး တွေ့ဆုံခွင့်ပေးရေး၊ ဒီမိုကရေစီ စံနှုန်းမမီသော ပုဒ်မများ ဖျက်သိမ်းပေး၊ ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုရဲ့ ကယ်တင်ရှင် စသည့် အချက်များ ပါဝင်သည့် ဗီနိုင်းများ ကိုင်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပွဲ ဦးဆောင်သူများက ပြောကြားသည်။

“စီတန်းလှည့်လည်ခွင့် အစား စုဝေးခွင့်ကိုတော့ ခွင့်ပြုပေးမယ်။ ဒါပေမဲ့ တစ်စုတစ်စည်းတည်း ဖြစ်စေချင်တဲ့အတွက် အဖွဲ့နှစ်ဖွဲ့ကို ပေါင်းခိုင်းလိုက်တယ်။ နှစ်ဖွဲ့ပေါင်းကို လူ ၃၀၀ ခွင့်ပြုမယ်။ အချိန်ကလည်း နှစ်နာရီ ခွင့်ပြုမယ်လို့ ပြောလိုက်တယ်။ သူတို့ခွင့်ပြုချက် တောင်းတဲ့နေရာတွေက လူစည်ကားတဲ့ နေရာတွေမို့လို့ပါ။ လူရှင်းတဲ့နေရာ ဆိုရင်တော့ စိစစ်ပြီး ခွင့်ပြုမှာပါ။ အခြားအဖွဲ့အစည်း တွေကလည်း ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ပြုဖို့ ခွင့်ပြုမိန့် တောင်းခံလာရင်လည်း နေရာအနေအထားပေါ် မူတည်ပြီး စိစစ် ခွင့်ပြုပေးသွားပါမယ်” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment