8.2.14

ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်း NLD ရေးဆွဲမည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်က မြန်မာနိုင်ငံသားအားလုံး ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် တမျိုးသားလုံး ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေမူကြမ်းတစ်ခု ပြဌာန်းနိုင်အောင် ကြိုးပမ်းနေကြောင်း ကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက ဒီနေ့ ပြောလိုက်ပါတယ်။
ဒီနေ့ည ရန်ကုန်မြို့ တာမွေမြို့နယ် ရွှေထွဋ်တင် အားကစားကွင်းမှာကျင်းပတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကွန်ရက် ရန်ပုံငွေပွဲမှာ ပြောခဲ့တာပါ။ ဒီနေ့ ရန်ပုံငွေဂီတပွဲတော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်စကားပြောကြားခဲ့ပါတယ်။

NLD ကျန်းမာရေးကွန်ရက်ဟာ မြို့နယ်အတော်များများမှာ နယ်လှည့်ကျန်းမာရေးလုပ်ငန်းစဉ်အဖြစ် ကျန်းမာရေးစစ်ဆေးပေးတာ၊ အရေးပေါ် ခွဲစိတ်ကုသမှု လိုအပ်နေတဲ့ ဝေဒနာရှင်တွေကို ရန်ကုန်မြို့အထိခေါ်ယူပြီး ခွဲစိတ်ကုသပေးနေတာ ဖြစ်ပါတယ်။

ကျန်းမာရေးကွန်ရက်ကနေ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်ပေးနေရာမှာ အထွေထွေရောဂါ ကုသရေးအပြင် မျက်စိ နား နှာခါင်း ရောဂါတွေကိုလည်း ကုသပေးနေတယ်လို့ သိရပါတယ်။

အဲ့ဒီဂီတ ဖျော်ဖြေပွဲမှာ Rဇာနည်၊ လင်းလင်း၊ ဟန်ထွန်း၊ ဂျီလတ်၊ သအို၊ ထွန်းအိန္ဒြာဗိုလ်၊ ဆုန်သင်းပါရ်၊ ချစ်သုဝေ တို့အပါအဝင် ဂေါ်ဇီလာနဲ့ သီးလေးသီး အဖွဲ့ကလည်း ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း နာရေးကူညီမှုအသင်း (ရန်ကုန်)က စာရေးဆရာမ ဒေါ်သန်းမြင့်အောင် တည်ထောင်ထားတဲ့ လူငယ်ဖံွ့ဖြိုးရေးဂေဟာနဲ့ သတင်းစာဆရာကြီး လူထုစိန်ဝင်းမိသားစု တည်ထောင်ထားတဲ့ အောင်ဖောင်ဒေးရှင်းတို့ရဲ့ ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ဒီနေ့ ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဂီတပညာရှင်တွေတင်သာမကပဲ လူငယ်ဖံွ့ဖြိုးရေး ပရဟိတဂေဟာက ကလေးတွေကိုယ်တိုင် ကပြဖျော်ဖြေတဲ့ပွဲလည်းဖြစ်တယ်လို့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။


RFA 

0 comments:

Post a Comment