8.2.14

ကျေးလက်အတွက်သုံးသင့်သည့် ကျပ်သန်းနှစ်သိန်း နေပြည်တော်အတွက် သုံးမည်ဆို၍ ဝေဖန်ခံရ

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ သုံးမည့်ရန်ပုံငွေကို လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဥပဒေသစ် တစ်ရပ်ပြဋ္ဌာန်း၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းတွင် ထည့်သွင်း ရန် လွှတ်တော်က စီစဉ်နေသော်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာနများက ယင်းသည် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်ဟု ဖေဖော်ဝါရီ ၆ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လာရောက် ရှင်းပြသည်။
“ငွေလုံးငွေရင်း အသုံးစရိတ် လုပ်ထုံးလုပ်နည်းဖြင့် သတ်မှတ်ထားသော လုပ်ငန်းမျိုး မဟုတ်သဖြင့် ငွေ လုံးငွေရင်း အသုံးစရိတ် ခေါင်းစဉ်များအောက်တွင် ဖော်ပြနိုင်ခြင်း မရှိပါကြောင်းနှင့် အကျုံးမ၀င်ပါကြောင်း တင်ပြအပ်ပါတယ်” ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န် ကြီး ဒေါက်တာကံဇော်က ပြောသည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေအသစ်တစ်ရပ် ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်များ က ပြင်ဆင်နေခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်က ဖေဖော်ဝါရီ ၅ရက်တွင် အတည်ပြု၍ အမျိုးသားလွှတ် တော်သို့ ပေးပို့ထားပြီးဖြစ်သည်။ ယင်းတွင် ဗဟိုကော်မတီတစ်ရပ် ဖွဲ့စည်း၍ ပြည်ထောင်စုလွှတ်တော်ရုံး က နှစ်စဉ်အဆိုပြုသည့် ဖွံ့ဖြိုးရေးရန်ပုံငွေ လျာထားချက်ကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ပြည် ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပြည်ထောင်စု၏ ထောက်ပံ့ငွေအဖြစ် ထည့် သွင်းနိုင်ရေး ဆောင်ရွက်မည်ဟု ပါဝင်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနကမူ ယင်းသို့ ငွေလုံးငွေရင်းခေါင်းစဉ်အောက်တွင် ဖွံ့ဖြိုးရေးရန်ပုံငွေကို သုံးစွဲမည် ဆိုပါက ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများအရ သတ်မှတ်ထားသည့် စံအတွင်း အကျုံးဝင်မည် မဟုတ်ဟု ရှင်းပြသည်။ ယင်းကြောင့် “ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေထဲ ထည့်သွင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ထောက်ပံ့ငွေအဖြစ် ထုတ်ပေးနိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၏ ထောက်ပံ့ငွေအသုံးစာရင်းတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

သို့သော် ပြည်ထောင်စုလွှတ်တော်ဘက်ကမူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် အစိုးရ၏ဘတ်ဂျက် လျာ ထားချက် တင်ပြပြီးချိန်မှသာ ယင်းတွင်မပါဘဲ ပြည်သူတို့ အမှန်တကယ် လိုအပ်နေသည့် စီမံကိန်းအငယ် စားလေးများကို ဖော်ဆောင်ခြင်းဖြစ်၍ လျာထားချက်မတင်ပြမီ ကြိုတင် တင်ပြနိုင်ခြင်းမရှိဟု ဆိုသည်။

“စီမံကိန်းတွေ လုပ်ငန်းတွေကို ကြိုတင် မတင်ပြနိုင်ပါဘူး။ ဘယ်တော့မှ တင်ပြနိုင်မလဲဆိုရင် ဘတ်ဂျက် ထွက်ပြီးတဲ့အခါမှာ ဘယ်လုပ်ငန်း ဘယ်နေရာမှာ ဘယ်လောက် အကုန်ကျခံလုပ်တယ်ဆိုတာ သိပြီးမှ မပါတဲ့နေရာမှာ စီစဉ်ဆောင်ရွက်ပေးရမှာ ဖြစ်တဲ့အတွက် အခြားခြားဌာနက ကြိုတင်တင်ပြနိုင်ပေမယ့် ကျွန်တော်တို့က ကြိုတင် မတင်ပြနိုင်ပါဘူး” ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ရှင်းပြသည်။

ယင်းကြောင့် သီးခြားဥပဒေတစ်ရပ် ပြဋ္ဌာန်းရန်လိုအပ်သည်ဟု လွှတ်တော်များက ဆက်လက်ဆောင်ရွက် လျက်ရှိသည်ဟု ၎င်းက အသိပေးသည်။ ထို့ပြင် လွှတ်တော်များအနေဖြင့် အဆိုပါဥပဒေသစ်ကို ဖွဲ့စည်း ပုံအခြေခံဥပဒေ၊ အခြားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေသဖြင့် နောင်တွင်အဆင် ပြေသွားမည်ဟုလည်း နာယကက သုံးသပ်သည်။

သို့သော် ဘဏ္ဍာရေးဝန်ကြီးဌာနကမူ ငွေလုံးငွေရင်းအသုံးစရိတ်အဖြစ် သတ်မှတ်သုံးစွဲနိုင်ရန် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၏စံများ နှင့်ညီရန်လိုခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းအသုံးစရိတ်ဖြစ်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ် ဆေးမှုခံယူခြင်းတို့ လိုအပ်သည် ဟုဆိုသည်။ ယင်းကြောင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၌သာထားရှိ၍ တိုင်းဒေသကြီး ပြည်နယ်များသို့ ထောက်ပံ့ငွေ သို့မဟုတ် ချေးငွေအဖြစ် ထုတ်ပေးနိုင်ပါသည်ဟု ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။

“ဥပဒေပြီးတဲ့အခါမှာ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတင်မကဘူး၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည် နယ်မှာရှိတဲ့ မည်သည့်စာရင်းစစ်မဆိုစာရင်းရောလုပ်ငန်းရော အစစ်ဆေးခံနိုင်တဲ့ အနေအထားဖြစ်အောင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များက တာဝန်ခံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင် စုလွှတ်တော်နာယကက ပြန်လည် ရှင်းလင်းခဲ့သည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများ လျာထားရာတွင် ဒေသခံပြည်သူများ ပါဝင်ပူးပေါင်းမှုဖြင့် သောက်သုံးရေ၊ ကျေး လက်လမ်းတံတား၊ အမှန်လိုအပ်နေသည့် အခြားလုပ်ငန်းများဦးစားပေးရန် ပြည်ထောင်စုလွှတ်တော်က ရည်ရွယ်ထားခြင်း ဖြစ်သည်။ “ဥပဒေနဲ့အညီ လုပ်ပြန်တော့လည်း ခုနက လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆို တော့ စိတ်ထဲမှာ မကောင်းဘူး” ဟု သူရဦးရွှေမန်းက ဆိုသည်။ ယနေ့တွင်မူ နှစ်ဖက်မည်သို့မျှ ဆုံးဖြတ် နိုင်ခဲ့ခြင်းမရှိဘဲ လွှတ်တော်အတွင်း ဆွေးနွေးမှုအစီအစဉ် ရပ်နားခဲ့သည်။

မတ်လကုန်တွင် ကုန်ဆုံးမည့်ယခု ဘဏ္ဍာနှစ်၌လည်း ပြည်ထောင်စုလွှတ်တော်က ဒေသဖွံ့ဖြိုးရေးသုံးရန် ကျပ် ၃၃ ဘီလီယံရယူကာ တာဝန်ခံဆောင်ရွက် နေသည်။ ယင်းသို့ လွှတ်တော်ကိုယ်စားလှယ်များတိုက် ရိုက်သုံးစွဲခြင်းသည် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်ဟု နိုင်ငံတော်သမ္မတက ဆို ကာ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များ ပူးတွဲဆောင်ရွက်ကြရန် ဇန်န၀ါရီလကုန်၌ ညွှန်ကြားထားသည်။

0 comments:

Post a Comment