10.9.15

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တွင် မဲရုံလုံခြုံရေးအတွက် အထူးရဲ ၁၆၈၆ ဦး ခန့်ထားမည်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တွင် မဲရုံလုံခြုံရေးအတွက် အထူးရဲ ၁၆၈၆ ဦး ခန့်ထားမည်ကြောင်း အရှေ့ပိုင်းခရိုင် ဒုတိယရဲမှူးကြီးမြင့်ထွေးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်တွင် စက်တင်ဘာ ၉ ရက်က ပြုလုပ်သည့် “၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီး တွေ့ကြုံလာနိုင်သည့် ဘေးအန္တရာယ်များနှင့် အရှေ့ ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်မည့် အစီအမံများရှင်းလင်းပွဲအခမ်းအနား” တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ခရိုင်ရွေးကောက်ပွဲကော်မရှင် မြို့နယ်ကော်မရှင်တွေနဲ့ညှိနှိုင်းပြီးတော့မှ မဲရုံ ၁၆၈၇ ရုံအတွက် အထူးရဲ ၁၆၈၆ ဦးကို ရွေးချယ်ထားခဲ့ပါတယ်။ အဲဒီ အထူးရဲ ၁၆၈၆ ဦးမှာ မြောက်ဥက္ကလာပက ၂၃၈ဦး၊ တောင်ဥက္ကလာပက ၁၂၁ ဦး၊ သင်္ဃန်းကျွန်းက ၁၂၀ ဦး၊ ရန်ကင်းက ၅၃ ဦး၊ တာမွေ ၁၂၂ ဦး၊ မင်္ဂလာတောင်ညွန့်က ၇၇ ဦး၊ ပုဇွန်တောင်က ၂၆ ဦး၊ ဗိုလ်တထောင်က ၄၁ ဦး၊ ဒေါပုံက ၆၃ ဦး၊ သာကေတက ၂၂၆ ဦး၊ တောင်ဒဂုံက ၁၇၉ ဦး၊ ဒဂုံမြောက်က ၁၅၃ ဦး၊ ဒဂုံအရှေ့က ၁၇၁ ဦး၊ ဒဂုံဆိပ်ကမ်းက ၉၇ ဦး ဖြစ်ပါတယ်။ ဒီထဲကနေမှ မင်္ဂလာတောင်ညွန့်မှာ မဲရုံတစ်ရုံ ထပ်လျော့တဲ့အတွက် ၁၆၈၆ ဦးပဲဖြစ်မှာ ဖြစ်ပါတယ်”ဟု ဒုရဲမှူးကြီးမြင့်ထွေးက ပြောကြားသည်။
အထူးရဲများကို အရည်အချင်းကန့်သတ်ချက်ခြောက်ချက်ဖြင့် ရွေးချယ်ထားခြင်းဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ တစ်လခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့သို့ ရွေးချယ်ထားသော အထူးရဲ ၁၆၈၆ ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ (ရကရ) သို့ ရွေးချယ်တင်ပြခြင်း၊ မြို့နယ်များအလိုက် သင်တန်းပေးခြင်း၊ ယင်းသင်တန်းကာလမှာ အောက်တိုဘာ ၂၀ ရက်မှ ၃၀ ရက်အထိ ၁၀ ရက်တာသင်ကြားပေးခြင်း၊ ခန့်အပ်ခြင်းနှင့် လစာနှင့်ရိက္ခာပေါင်း ကျပ်တစ်သိန်းခွဲရရှိမည်ဖြစ်သည်။
“အောက်တိုဘာ ၁၅ ရက်ကနေစခန့်ပြီး နိုဝင်ဘာ ၁၃ ရက်အထိ သူတို့ကို တစ်လခန့်မှာဖြစ်ပါတယ်။ အောက်တိုဘာ၂၀ ရက်က နေ ၃၀ ရက်အထိ မြို့နယ်အလိုက် ၁၀ ရက် သင်တန်းပေးသွားမှာဖြစ်ပါတယ်”ဟု ဒုရဲမှူး ကြီးမြင့်ထွေးက ပြောကြားသည်။
အဆိုပါအထူးရဲများအနေဖြင့် မလျော်သြဇာသုံးခဲ့လျှင် ရဲတပ်ဖွဲ့ထံသို့ တိုင်ကြားနိုင်ပြီး တိုင်းတန်းချက်မှန်ကန်လျှင် စိစစ်အရေး ယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ရန်ကုန်တိုင်းတစ်တိုင်းလုံးတွင် အထူးရဲတပ်ဖွဲ့ဝင် ၅၆၈၈ ဦး ခန့်အပ်သွားမည်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အထူးရဲ ၂၂၁၂ ဦးကို ခန့်အပ်ခဲ့ကြောင်း သိရသည်။

Credit To >>> Eleven Media Grop

0 comments:

Post a Comment