10.9.15

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းရေးအတွက် ဝေဇယန္တာလမ်းပေါ်တွင် နှစ်ထပ်လမ်းစီမံကိန်း အကောင်အထည်ဖော်ရန် JICA က အဆိုပြုထား

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရေးအတွက် ဝေဇယန္တာလမ်းပေါ်တွင် နှစ်ထပ်လမ်း (Elevated Road) များ အကောင်အထည်ဖော်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က အဆိုပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောကြားသည်။
အဆိုပါ စီမံကိန်းကို ရေလတ်စီမံကိန်း (Mid Term) အနေဖြင့် အကောင်အထည်ဖော်ရန် အဆိုပြုထားခြင်းဖြစ်ပြီး ကုန်ကျစရိတ် များပြားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် တည်ဆောက်နေသော ခုံးကျော်တံတား စီမံကိန်းများက ယာဉ်ကြောပိတ်ဆို့မှုကို ရေတိုအနေဖြင့်သာ အဆင်ပြေနိုင်ပြီး ရန်ကုန်မြို့၏ ရေရှည်ယာဉ်ကြောပိတ်ဆို့မှု ပြေလည်စေရေးအတွက် နှစ်ထပ်လမ်းများကသာ အဆင်ပြေနိုင်မည်ဖြစ်ပြီး ဦးတိုးအောင်က ပြောကြားသည်။

“ဝေဇယန္တာလမ်းပေါ်မှာ လုပ်ဖို့ JICA က Propose လုပ်ထားတာပေါ့။ Eleveated Road တွေက Mid Term အနေနဲ့ သွားရမှာ။ လက်ရဲ့ Traffic ဖြစ်နေတဲ့ အချိန်မှာ ဒါတွေကို သွားလုပ်ရင် အဲဒီတစ်ကြောက တော်တော်ကို ပိတ်သွားနိုင်တယ်။ ဒါက အစိုးရဘတ်ဂျက်နဲ့ဆို မလွယ်ဘူး။ ဒါကြောင့် BOT နဲ့ လုပ်ရမှာ။ သူများနိုင်ငံတွေမှာလည်း BOT နဲ့ပဲ လုပ်ကြတယ်။ ခုံးကျော်တံတားက ရေတိုအနေနဲ့ပဲ အသုံးဝင်တယ်။ ဒီစီမံကိန်းက ရေရှည်ပေါ့” ဟု ဦးတိုးအောင်က ဆိုသည်။

ယင်းစီမံကိန်းအတွက် ကုန်ကျစရိတ် များပြားမည်ဖြစ်သောကြောင့် အစိုးရဘတ်ဂျက်ဖြင့် မတတ်နိုင်ဘဲ ပြည်တွင်းပြည်ပက ပုဂ္ဂလိက လုပ်ငန်းရှင်များကို BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနှစ်ထပ်လမ်း တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော် ကုန်ကျနိုင်ပြီး လမ်းများတည်ဆောက်ပြီးပါက လမ်းဖြတ်သန်းခ ကောက်ခံမည့်စနစ်ဖြင့် ကျင့်သုံးရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ခုံးကျော်တံတားများ တည်ဆောက်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုကို ပြေလည်ခဲ့ခြင်း မရှိသေးကြောင်းနှင့် ထပ်မံ၍ တာမွေအ၀ိုင် လမ်းငါးခွဆုံ၊ ကုက္ကိုင်း၊ ရှစ်မိုင် လမ်းဆုံတို့တွင် ခုံးကျော်တံတားသုံးစင်း ဆောက်လုပ်နေရာ စီမံကိန်းနေရာများနှင့် ဆက်စပ်၍ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုမှာ ပိုမိုဆိုးရွားနေကြောင်း သိရသည်။

ရန်ကုန်မြို့၌ အကောင်အထည်ဖော်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန်တွင်လည်း ဂျပန်၏ ရင်းနှီးမြှုပ်နှံမှု ပါဝင်ထားသဖြင့် သီလ၀ါအထူးစီးပွားရေးဇုန်သို့ သွားလာမှု အဆင်ပြေစေရန်အတွက် သုဝဏ္ဏနှင့် သာကေတသို့ ဆက်သွယ်ထားသည့် တံတားတစ်စင်းကိုလည်း အသစ်ထပ်မံဆောက်လုပ်ခဲ့ပြီး အဆိုပါတံတားနှင့် ချိတ်ဆက်၍  ဝေဇယန္တာလမ်းကိုလည်း အဆင့်မြင့် နှစ်ထပ်လမ်း စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် JICA က အဆိုပြုထားခြင်းဖြစ်နိုင်ကြောင်း သိရသည်။ ထို့အတွက် သာကေတမြို့နယ်သည်လည်း သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ချိတ်ဆက်နိုင်သည့်နေရာ ဖြစ်သောကြောင့် များစွာ အရေးပါလာနိုင်ပြီး သာကေတနှင့် ဒဂုံတောင်၊ ဆိပ်ကမ်းတို့သို့ ချိတ်ဆက်ထားသည့် ဧရာဝဏ်လမ်းမကြီးသည် လမ်းဆက်စပ် အရေးပါနေခြင်းကြောင့် လမ်းအား ယခုထက် ပိုမိုအဆင့်မြှင့်ရန် လိုအပ်လာကြောင်း လေ့လာသူများက သုံးသပ်သည်။ 

Credit To >>> Eleven Media Group

0 comments:

Post a Comment