10.9.15

မူလ NLD ပါတီဝင် တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်သူများကို အရေးယူမည်ဟုဆို

လာမည့် အထွေထွေရွေးကောက်ပွဲတွင် မူလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ဖြစ်သော်လည်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အဖြစ် ယှဉ်ပြိုင်မှုများကို ပါတီတွင်း စည်းကမ်းဖြင့် အရေးယူမည်ဖြစ်ကြောင်း အဆိုပါ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။

NLD ပါတီဝင်များက တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှုများနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် NLD ပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်ကို ကိုးကားပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“ပါတီက နုတ်ထွက်ခြင်းမရှိဘဲ ဝင်ပြိုင်တဲ့ လူတွေလည်း ရှိတယ်၊ ဒါက ပါတီ စည်းမျဉ်းစည်းကမ်းနဲ့ ငြိတာပဲလေ၊ ကိုယ်ဝင်ပြိုင်ချင်တာ မပြိုင်ရတော့ တစ်သီးပုဂ္ဂလပြိုင်မယ် ဆိုပြီး ပါတီရဲ့ ကိုယ်စားလှယ်လောင်းကို တိုက်ခိုက်ယှဉ်ပြိုင်ဖို့ လုပ်တာတွေက ရှိတာပဲလေ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ထုတ်ပြန်ချက်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ကိုယ်စားလှယ်လောင်း လျှောက်ထားသူများတွင် မူလ NLD ပါတီဝင်အဖြစ်မှ နုတ်ထွက်ပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အဖြစ် ယှဉ်ပြိုင်သူများရှိပြီး အဆိုပါ ပုဂ္ဂိုလ်များသည် ပါတီ၏ စည်းမျဉ်းစည်းကမ်းများကို လုံးဝဖောက်ဖျက်သည်မှာ ထင်ရှားကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များအလိုက် မူလ NLD ပါတီမှ တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်သူများစာရင်းကို ပြုစုပြီး ဗဟိုအောင်နိုင်ရေးအဖွဲ့သို့ အမြန်ဆုံးပေးပို့ရန် အကြောင်းကြားကြောင်း ဖော်ပြထားသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၇၁ နယ်ရှိပြီး NLD ပါတီက မဲဆန္ဒနယ်ပေါင်း ၁၁၅၁ နယ်တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ တင်သွင်းခဲ့သည်။
သို့သော်လည်း NLD ပါတီ (ဗဟို) ၏ ကိုယ်စားလှယ်လောင်းများစာရင်းတွင် မြို့နယ်အချို့မှ တင်သွင်းသော ကိုယ်စားလှယ်လောင်းများကို ပယ်ချခံရခြင်းကြောင့် မြို့နယ်အဆင့် ပါတီဝင်အချို့က ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့ပြီး ပါတီမှ ပယ်ချခံရသော ကိုယ်စားလှယ်လောင်းများကလည်း တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းခဲ့ကြသည်။
အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသော ကိုယ်စားလှယ် စုစုပေါင်း ၃၂၃ ဦးရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

Credit To >>> The Voice News

0 comments:

Post a Comment