10.9.15

"တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် သမ္မတနှင့် တိုင်းရင်းသားခေါင်းဆောင်များ စတင်ဆွေးနွေး"


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA)အတွက် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် ကိုးဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ နေပြည်တော်တွင် ညှိနှိုင်းဆွေးနွေးနေကြပြီ ဖြစ်သည်။

အင်န်စီအေကို လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်မည်လား ၊အဖွဲ့ပေါင်းအရေအတွက် မည်မျှက ပါဝင်လက်မှတ်ရေးထိုးမည်နည်း ဆိုသည့်အပေါ် နှစ်ဖက် မူဝါဒမတူညီမှုကို ညှိနှိုင်းနေကြခြင်းဖြစ်သည်။ 
အစိုးရဘက်က (၁၅)ဖွဲ့နှင့်သာ လက်မှတ်ထိုးမည့်မူအပေါ် ရပ်တည်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က အားလုံးပါဝင်ရေးမူကို ကိုင်စွဲခဲ့ကြသည်။
ယင်းမူဝါဒကို ယနေ့အပြီးသတ်ညှိနှိုင်းနိုင်ရန် ကြိုးစားကြမည်ဟု နှစ်ဖက်စလုံးက ပြောသည်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နောက်ကြောင်းပြန်ခြင်းမရှိရအောင် ဝိုင်းဝန်းလုပ်ဖို့ နှစ်ဖက်လုံးမှာ တာဝန်ရှိပါတယ် ” ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ယနေ့တွေ့ဆုံပွဲအဖွင့်မိန့်ခွန်းတွင် ပြောသည်။
ပြီးခဲ့သည့်လက အစီအစဉ်အရ အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ (UPCC) ဥက္ကဋ္ဌသမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဦးဆောင်သည့် ထိပ်သီးများနှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ တွေ့ဆုံရန် ဖြစ်သည်။ 
သို့သော် လက်ရှိအချိန်တွင် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ အစ္စရေးနိုင်ငံသို့ ခရီးသွားရောက်နေ၍ ဆွေးနွေးပွဲတွင် မပါဝင်ပေ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ SD ခေါင်းဆောင် နော်စီဖိုးရာစိန် ၊ ပူးဇင်ကျုံး ၊ ဒေါက်တာ လဂျာ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီး မူတူးဆေးဖိုး၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)နာယက ဒုတိယဗိုလ်ချုပ်ကြီး ဆေထင်၊ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌနိုင်ထောမွန်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူးရ်အေဘယ်တွိဒ်နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဖဒိုစောကွယ်ထူးဝင်းတို့ တက်ရောက် ညှိနှိုင်းနေကြခြင်း ဖြစ်သည်။

Credit To >>>7Day News

0 comments:

Post a Comment