21.3.16

လက်ပံတန်းတွင် သေနတ်ပစ်ခတ်မှုကြောင့် ရဲအရာရှိ တစ်ဦး အပါအဝင် နှစ်ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် သာရဝေါတိုက်နယ် အိုင်တလုပ် ကျေးရွာအုပ်စု ရွာလေးကျေးရွာရှိ နာရေးအိမ်တွင် မတ်လ ၂၁ ရက်နေ့ နံနက် ၁ နာရီခွဲက အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်မှုကြောင့် ရဲအရာရှိတစ်ဦး အပါအဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ နာရေးရက်လည်အိမ်တွင် အမျိုးသားနှစ်ဦး စကားများ ရန်ဖြစ်သဖြင့် မိသားစုဝင်များက ဖျန်ဖြေပေးခဲ့ကြောင်း၊ စကားများသူအနက် ကိုဝေလင်းအောင်က အိမ်သို့ ပြန်သွားပြီး နာရေးအိမ်သို့ ပြန်လာစဉ် ၎င်းနှင့် ရန်ဖြစ်သော အမျိုးသား၏ ဖခင် ဦးဌေးက ထပ်မံလာရောက်မှုကို မေးမြန်းစဉ် ဝေလင်းအောင်က ဦးဌေးကို သေနတ်ဖြင့် ပစ်ပြီး သေနတ်သုံးချက် ပစ်ခတ်ကာ ထွက်ပြေးသွားကြောင်း သေနတ်အပစ်ခံရသူထံမှ သိရှိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူ၏ ဘယ်ဘက်လက်တံတောင်ဆစ်တွင် ကျည်မှန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်သူကို မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ရှာဖွေဖမ်းဆီးခဲ့ရာ သေနတ်ပစ်သူ၏ အမဝမ်းကွဲ နေထိုင်ရာ သီတာကုန်းအုပ်စု၊ သီတာကုန်းကျေးရွာရှိ အိမ်တွင် တွေ့ရှိခဲ့ကြောင်း၊ သေနတ်ကိုင်ဆောင်သူက ပြန်လည်ပစ်ခတ်သောကြောင့် ခမှုံနယ်မြေရဲစခန်းမှ ရဲအုပ်အောင်နေဆန်း၏ ညာဘက်ပေါင် ထိမှန်ခဲ့သောကြောင့် ခမုံတိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း လက်ပံတန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဖုန်မြင့်က ပြောကြားသည်။
“သေနတ်နဲ့ပစ်တဲ့သူကို သူ့အမဝမ်းကွဲ အိမ်မှ တွေ့တယ်၊ လက်နက်ချ အဖမ်းခံဖို့ ပြောတော့ သူက အသေခံမယ် လက်နက်မချဘူး ပြောနေတာကြောင့် အိမ်ပေါ်မှာ နေသူတွေကို အရင်ဆင်းခိုင်းပြီး သူ့ကို နာရီအတော်ကြာအောင် ဖျောင်းဖျစည်းရုံးခဲ့ရတယ်” ၎င်းက ပြောကြားသည်။
အဆိုပါ သေနတ်ပစ်ခတ်သူမှာ မနက် ၇ နာရီတွင် အဖမ်းခံခဲ့ပြီး အီတလီနိုင်ငံလုပ် ပစ္စတိုသေနတ်တစ်လက်၊ ကျည်ကတ် (၂) ခု၊ ကျည် (၂၃) တောင့် သိမ်းဆည်းရမိခဲ့ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်သူကို သာရဝေါ နယ်မြေရဲစခန်းတွင် ပြစ်မှုပုဒ်မ- ၃၀၇/၃၂၆ ဖြင့် လည်းကောင်း၊ ခမုံနယ်မြေ ရဲစခန်းတွင် ပြစ်မူဆိုင်ရာ ဥပဒေ ပုဒ်မ -၃၀၇/၃၃၃ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း လက်ပံတန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment