21.3.16

အစိုးရသစ် လက်ထက်တွင် Myanmar Peace Center ဆက်ရှိ မရှိမှာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား MPC တာဝန်ရှိသူများအား ပြောကြားပြီးဖြစ်ကြောင်း NLD ပြောကြား

NLD ပါတီက ဦးဆောင်မည့် အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (Myanmar Peace Center) ဆက်ရှိ မရှိမှာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို Myanmar Peace Center တာဝန်ရှိသူများအား ပြောကြားထားပြီးဖြစ်ကြောင်း NLD ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာဇော်မြင့်မောင်က မတ် ၂၀ ရက်တွင် ပြောကြားသည်။


၂၀၁၂ ခုနှစ် အောက်တိုဘာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ဖွဲ့စည်းခဲ့သည့် Myanmar Peace Center ကို မည်သို့မည်ပုံ ဆက်ထားမည် ဆိုသော အချက်ကို လည်းကောင်း၊ Myanmar Peace Center ၏ ပိုင်ဆိုင်မှုများ၏ အနာဂတ်နှင့် ပတ်သက်၍သော် လည်းကောင်း နောက်အစိုးရသစ်မှ ဆုံးဖြတ်မည်ဖြစ်ကြောင်း Myanmar Peace Center က သတင်းထုတ်ပြန်မှုနှင့် ပတ်သက်ပြီး မေးမြန်းမှုအပေါ် ဒေါက်တာ ဇော်မြင့်မောင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က Myanmar Peace Center က ဖွဲ့စည်းခဲ့သည့် ရုံးအဖွဲ့ကို လုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်နိုင်စေရန် အလို့ငှာ လွတ်လပ်သော အရပ်ဘက် အဖွဲ့အစည်းများ အဖြစ် ရပ်တည်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

Myanmar Peace Center ဆက်ရှိ မရှိနှင့် ပတ်သက်၍ ဒေါက်တာ ဇော်မြင့်မောင်က “MPC နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးပါပြီ။ အဲဒီတုန်းကလည်း ရှင်းပြပြီးပါပြီ။ အရပ်ဘက် အဖွဲ့အစည်းတွေအဖြစ် ထောင်တယ် ဆိုရင်လည်း ဥပဒေတွေလည်း ရှိပြီးသားပဲ။ ဒါက နည်းနည်းတော့ ဘာခေါ်မလဲ အံ့အားသင့်ဖို့တော့ ကောင်းတာပေါ့။ အရပ်ဘက် အဖွဲ့အစည်းအဖြစ် ထူထောင်ခွင့် ပြုသည်တို့ ဘာတို့ ဆိုတာ။ ဒါက ဥပဒေတွေ ရှိပြီးသားပါ။ အရပ်ဘက် အဖွဲ့အစည်းတွေ မှတ်ပုံတင်တာတို့ ဘာတို့က ဥပဒေတွေ ရှိပြီးသားပါ။ ကျွန်တော်တို့ကတော့ MPC နဲ့ ပတ်သက်လို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ MPC နဲ့ ဆွေးနွေးတုန်းက အကုန်လုံး တက်ပါတယ်။ ဦးအောင်မင်းလည်း တက်ပါတယ်။ သူတို့ ဒေါ်အောင်ဆန်းစုကြည် ဘာပြောခဲ့လဲဆိုတာ သိပြီးသားပါ။ ကျွန်တော် ဒီလောက်ပဲ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ ၎င်းက “MPC ဆက်ရှိဖို့ ဆိုတာက MPC က သူတို့က အရပ်ဘက် လူ့အဖွဲ့အစည်း ပြောင်းသွားပြီ။ သူတို့ဟာ သူတို့ ပြောင်းသွားတာပဲလေ။ ကျွန်တော်တို့ကတော့ သူတို့နဲ့ တွေ့တဲ့ အခါတုန်းက ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို ပြောပြီးသားပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို မှတ်မိမှာပါ။ သိမှာပါ။ ကျွန်တော်တို့က ငြိမ်းချမ်းရေးဆိုတာ လုပ်မှာပဲလေ” ဟု ပြောကြားသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ဖွဲ့စည်းခဲ့သည့် Myanmar Peace Center တွင် ရှိသော ပုဂ္ဂိုလ်များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင် လုပ်ကိုင်နိုင်ရန်အတွက် သမ္မတသက်တမ်း မကုန်မီ ယခုကဲ့သို့ Myanmar Peace Center က ဖွဲ့စည်းခဲ့သည့် ရုံးအဖွဲ့ကို လွတ်လပ်သော အရပ်ဘက် အဖွဲ့အစည်းများအဖြစ် ရပ်တည်ရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်နိုင်သည်ဟု နားလည်ကြောင်း Myanmar Peace Center မှ ဥပဒေ အကြံပေး ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က မတ် ၂၀ ရက်တွင် ပြောကြားသည်။

“သူတို့က MPC ရဲ့ အနာဂတ် မရှိတော့ဘူး ဆိုတဲ့ အနာဂတ်လား ထပ်ရှိမယ် ဆိုတဲ့ အနာဂတ်လား ဆိုတာ နောက်အစိုးရ အပေါ်မှာ မူတည်တာပေါ့။ နောက်ပြီးတော့ နောက်တစ်ခုက ကျွန်တော်တို့ MPC ဘက်ကတော့ ၀န်ကြီးက ထုတ်ပြန်တဲ့ ဟာလေ အဲဒီ အပေါ်မှာပဲ ဆက်ပြီးတော့ သွားမှာပါ။ ညှိနှိုင်းမှုက သူတို့က MPC ကို ဘယ်လို ထားချင်လဲ ဆိုတာ လက်ရှိ MPC မှာ တာဝန်ရှိနေတဲ့ ဥက္ကဋ္ဌ၀န်ကြီး ဦးအောင်မင်း အပါအ၀င် ကျွန်တော်တို့ အနေနဲ့ သူတို့ ဘယ်လို ဖြစ်စေချင်လဲ ဆိုတဲ့ အပေါ်မှာ ပြန်ပြီးတော့ ပံ့ပိုးဖြည့်ပေးရမယ့်ဟာ ရှိတာပေါ့။ MPC ဆက်ထားမယ် ဆိုလို့ရှိရင် MPC ရဲ့ MPC ထဲမှာ ရှိတဲ့ ပစ္စည်းတွေ ပစ္စည်းတွေ ဆိုတာ အဆောက်အအုံတို့ ဘာတို့တင် မဟုတ်ဘဲနဲ့ အဲဒီမှာ ရှိတဲ့ စာရွက်စာတမ်းတွေ ကျွန်တော်တို့ရဲ့ မှတ်တမ်းတွေ အကုန်လုံးကို သူတို့ကို ဘယ်လို လုပ်စေချင်လဲ ဆိုတာ ဆက်ပြီးတော့ ညှိနှိုင်းနေရဦးမှာပါ။ သူတို့ဘက်ကလည်း အစိုးရတွေ ဖွဲ့မယ်။ ၀န်ကြီးဌာနတွေ ဖွဲ့မယ်။ နောက်ပြီးတော့ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်တွေ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးတွေ ရွေးမယ်ဆိုတော့ အချိန်ကလည်း သိပ်မရှိဘူးလေ။ အဲဒီတော့ ကျွန်တော် မြင်ပါတယ်။ အဲဒါကြောင့် ဒီဘက်ကို သိပ်ပြီးတော့ အချိန်မပေးနိုင်သေးဘူးလို့” ဟု ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ပြောကြားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment