21.3.16

ရခိုင် အမျိုးသား ပါတီရှိ ယခင် RNDP ပါတီဝင်များ၏ ဆုံးဖြတ်မှုမှာ တရားမ၀င်သောကြောင့် ပါတီမှ ထုတ်ပယ်ခြင်းကို လက်မခံကြောင်း ထုတ်ပယ်ခံရသည့် CEC အဖွဲ့ဝင်များ တုံ့ပြန်

ရခိုင် အမျိုးသား ပါတီရှိ ယခင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီဝင်များ၏ ဆုံးဖြတ်မှုမှာ တရားမ၀င်သောကြောင့် ပါတီမှ ထုတ်ပယ်ခြင်းကို လက်မခံကြောင်း ထုတ်ပယ်ခံရသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) အဖွဲ့ဝင်များက တုံ့ပြန် ပြောကြားလိုက်သည်။


ရခိုင် အမျိုးသား ပါတီက ကြေညာချက် ထုတ်ပြန်ထားသည့် ပြည်နယ်အစိုးရ ဖွဲ့စည်းရေးအပေါ် သဘောထားနှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် မဟာမိတ် ဆက်ဆံရေး ရပ်စဲမှု ကြေညာချက်တို့မှာ တစ်ဖက်သတ် ဆုံးဖြတ်ချက်များ ဖြစ်၍ လက်မခံကြောင်း ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ခြောက်ဦးက မတ် ၆ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းမှု ပြုလုပ်ခဲ့ရာ ထိုသို့ ပြုလုပ်မှုမှာ ပါတီ စည်းကမ်းများကို ချိုးဖောက်ရာ ရောက်သဖြင့် မတ် ၁၃ ရက်တွင် ရခိုင်ပြည်နယ်၌ ကျင်းပခဲ့သည့် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီများ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၎င်းတို့အား ပါတီမှ ထုတ်ပယ်ကြောင်း ပါတီက ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) တို့သည် ၂၀၁၃ ခုနှစ်က နှစ်ပါတီ ပေါင်းစည်းပြီး ANP အဖြစ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် စက်တင်ဘာက ရခိုင်ပြည်နယ် သံတွဲမြို့၌ ကျင်းပသည့် ပထမအကြိမ် ပါတီ ညီလာခံတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အဖွဲ့ကို ALD ပါတီက ခုနစ်ဦး၊ RNDP ပါတီက ၃၂ ဦး စုစုပေါင်း ၃၉ ဦး ရွေးချယ်ခဲ့ကြောင်း သိရသည်။  
ရခိုင်အမျိုးသား ပါတီက ထုတ်ပယ်ခဲ့သည့် ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များမှာ ယခင် ALD ပါတီဝင်များ ဖြစ်ကြသည့် ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးမျိုးကျော်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်း၊ ဦးသန်းနိုင်မြင့်တို့ ဖြစ်ကြောင်း သိရသည်။

ပါတီမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးကျော်မြင့်က “ကျွန်တော်တို့ဘက်က အဲဒါက ANP ရဲ့ ယခင် RNDP ပါတီ အဖွဲ့ဝင်တွေ ဆုံးဖြတ်တဲ့အတွက် သူတို့မှာ အဲဒီလို ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ဒါဟာ RNDP ပါတီဝင်တွေရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်တယ်။ ANP ပါတီက ဆုံးဖြတ်ချက် မဟုတ်ဘူး။ ဒါကြောင့် ANP ပါတီရဲ့ ဖွဲ့စည်းပုံမှာ ပါဝင်တဲ့ ပုဒ်မတွေကို သူတို့ သုံးခွင့် မရှိဘူး။ ဒါကြောင့် ဘာမှ တရားမ၀င်ဘူး။ ကျွန်တော်တို့ အနေနဲ့ ANP ပါတီဝင် အနေနဲ့ပဲ ဆက်လက် ရပ်တည်နေမယ်။ ရပ်တည်ဖို့ ရှိတယ်ပေါ့။ ဘာလို့လဲ ဆိုရင် ဒါက တရား မ၀င်ဘူး။ ပါတီ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌကလည်း ယခင် RNDP၊ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ငါးဦးစလုံးလည်း အကုန်လုံး ယခင် RNDP က။ ဒါကြောင့် သူတို့ RNDP မှာ ပါဝင်ခဲ့တဲ့ အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်သည် ANP ပါတီရဲ့ ဆုံးဖြတ်ချက် မဟုတ်တဲ့ အတွက်ကြောင့် ဒါ တရား မ၀င်ဘူး။ ကျွန်တော်တို့က လိုက်နာစရာ မလိုဘူး။ အခုဟာက အဲဒီ အစည်းအဝေး ဆုံးဖြတ်ချက်မှာ သူတို့က ANP ပါတီရဲ့ ဖွဲ့စည်းပုံကို ကိုးကားတယ်။ သူတို့မှာ အဲဒီ ဖွဲ့စည်းပုံကို ကိုးကားပိုင်ခွင့် မရှိဘူး။ ဘာကြောင့်လို့ဆိုရင် ကျွန်တော်တို့ ယခင် ALD ပါတီဘက်က ပုဂ္ဂိုလ်တွေ မပါဘူး။ ဒါက တရား မ၀င်ဘူး။ ဘာဖြစ်လို့လဲ ANP ပါတီအောက်မှာ ရှိတဲ့ ယခင် RNDP အဖွဲ့ဝင် ဖြစ်တဲ့ ဥက္ကဋ္ဌ အဖွဲ့နဲ့ အတွင်းရေးမှူး အဖွဲ့ရဲ့ ဆုံးဖြတ်ချက် ဖြစ်လို့ပေါ့” ဟု မတ် ၂၀ ရက်က ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် (ယခင် RNDP ဥက္ကဋ္ဌ) ကမူ CEC ခြောက်ဦးကို ထုတ်ပယ်ခြင်းမှာ ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့၏ ဆုံးဖြတ်ချက် အပေါ်တွင် လေးစားလိုက်နာမှု လက်ခံမှု မရှိခြင်းကြောင့် ပါတီရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းတွင် ပါဝင်သည့် ပုဒ်မများ ပေါ်မူတည်၍ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်းနှင့် ရခိုင်ပြည်သူ တစ်ရပ်လုံး မဲပေးထောက်ခံသည့် ရခိုင်အမျိုးသားပါတီ ပြိုကွဲအောင် ဆောင်ရွက်သည့် ဆောင်ရွက်ချက်အဖြစ် သုံးသပ်၍ ရကြောင်း ပြောခဲ့သည်။

“ယခင် RNDP နဲ့ ALD ပါတီဝင်တွေ ရှိနေခြင်းဟာ ANP ပါတီရဲ့ ၀ိသေသ လက္ခဏာပဲ။ အဲဒီ လက္ခဏာ ပျောက်သွားမယ် ဆိုရင်တော့ ANP ပါတီဟာ အင်္ဂါ မစုံတော့ဘူး။ လောလောဆယ်ကတော့ ကျွန်တော်တို့ကို ထုတ်လိုက်ပါတယ်ဆိုတဲ့ ဆုံးဖြတ်ချက်တောင် ကျွန်တော်တို့ဆီကို တရားဝင် မရောက်သေးဘူး။ ဒါတွေ ဖြစ်လာလို့ ကျွန်တော်တို့ကို ထုတ်လိုက်မယ်ဆိုရင် ANP ပါတီမှာ ယခင်က ALD ပါတီဝင်တွေ ဆိုတာ မရှိတော့ဘူး။ CEC အဖွဲ့မှာပေါ့။ CEC အဖွဲ့မှာ ယခင် ALD ပါတီက လူတွေ တစ်ယောက်မှ မရှိဘူး ဆိုရင် ANP ပါတီရဲ့ ရပ်တည်ချက်ကို ထိခိုက်လာပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ANP ပါတီရဲ့ တည်ထောင်သူတွေ။ တည်ထောင်သူတွေကို အဲဒီလိုနည်းနဲ့ ထုတ်လို့ မရဘူးလေ။ ရှင်းလင်းခဲ့တဲ့ ထုတ်ပြန်ချက်တွေကလည်း ပေါ်လစီအရ အငြင်းပွားတဲ့ ကိစ္စပဲလေ။ ကျွန်တော်တို့ဘက်ကတော့ ရခိုင်သဟာယ၊ ရခိုင်အသင်း ပေါင်းချုပ်တို့ကို ကြားမှာ ညှိနှိုင်းပေးနိုင်ဖို့အတွက် ပြောထားတာ ရှိပါတယ်” ဟု ဦးကျော်မြင့်က ဆက်လက် ပြောကြားသည်။  

ရခိုင်အမျိုးသားပါတီတွင်း မူဝါဒရေးရာ အငြင်းပွားမှုများကို တွေ့ဆုံညှိနှိုင်းရန် အဆင်သင့်ရှိကြောင်းလည်း ပါတီ CEC အဖြစ်မှ ထုတ်ပယ်ခံရသူများက ပြောကြားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment