21.3.16

ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို NLD ပါတီ ဦးဆောင်ဖွဲ့စည်းပါက လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရေး ခက်ခဲနိုင်ဟု ဦးခွန်ထွန်းဦးဆို

ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တစ်ခုတည်းဖြင့်သာ ဦးဆောင်ဖွဲ့စည်းပါက ပြည်နယ်အတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းနိုင်ရေးအတွက် ခက်ခဲနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ NLDပါတီက ကတင်မြှောက်ထားသော နိုင်ငံတော်သမ္မတအသစ်က ရွေးချယ်ခန့်အပ်မည့် ပြည်နယ်အစိုးရအဖွဲ့တွင် ပါဝင်ရေးနှင့်ပတ်သက်ပြီး ၄င်းက ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။
“ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို NLD ပါတီက ဦးဆောင်ပြီး ဖွဲ့စည်းမယ်။ ကျွန်တော်တို့လို ရှမ်းပြည်နယ်မှာ လူထုထောက်ခံမှု ရရှိတဲ့ပါတီကို အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နေရာမှာ တာဝန်မပေးဘူးဆိုရင်တော့ NLD အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရှမ်းပြည်နယ်အတွင်းမှာ ရှိနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းတဲ့အခါ လွန်စွာခက်ခဲမှာပါ”ဟု ၄င်းကဆိုသည်။
ထို့အပြင် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အများဆုံးအခြေစိုက်ပြီး တပ်မတော်နှင့် ယင်းလက်နက်ကိုင်တပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသောကြောင့် ပြည်နယ်အစိုးရအဖွဲ့ကို NLD ပါတီတစ်ခုတည်းဖြင့် ဦးဆောင်ဖွဲ့စည်းပါက စိန်ခေါ်မှုများရှိနေကြောင်း ဦးခွန်ထွန်းဦးကဆိုသည်။
အလားတူ မွန်အမျိုးသား ပါတီဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်း ကလည်း “လက်နက်ကိုင်အများဆုံးတည်ရှိတဲ့ ရှမ်းပြည်နယ်မှာ ငြိမ်းချမ်းရေးနဲ့ပဋိပက္ခတွေ ဖြေရှင်းတဲ့အခါ တစ်ဖွဲ့တည်းနဲ့ဖြေရှင်းလို့ မရနိုင်ဘူး။ ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ SNLD ပါတီက ရှမ်းပြည်နယ်လူထုရဲ့ ထောက်ခံမှုကို အပြည့်အဝ ရယူထားနိုင်ခဲ့တဲ့ ပါတီတစ်ခုဆိုတော့ NLD ပါတီအနေနဲ့ လက်ကမ်းကြိုဆိုသင့်တယ်”ဟု မှတ်ချက်ပြုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီသည် ရှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီပြီးနောက် ဒုတိယအများဆုံး အနိုင်ရရှိခဲ့ပြီး ယင်းလွှတ်တော်တွင် SNLD လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦး ပါဝင်သည်။
သို့သော်လည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးရမည် ဖြစ်သောကြောင့် ယင်းအခွင့်အရေးသည် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတအသစ်ကို တင်မြှောက်နိုင်ခဲ့သော NLD ပါတီ၏ သဘောထားအပေါ်တွင် မူတည်လျက်ရှိသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment