21.3.16

လန်ဒန်တွင် တစ်ပြိုင်တည်း အကြမ်းဖက်မှုများ ဖြစ်ပွားပါက တုံ့ပြန်ချေမှုန်းရန် အထူးတပ်ဖွဲ့များ လေ့ကျင့်နေ

လန်ဒန်တွင် နေရာအများအပြား၌ တစ်ပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်လာပါက အမြင့်ဆုံး စွမ်းဆောင်ရည်ဖြင့် တုံ့ပြန်နိုင်ရန် အထူးတပ်ဖွဲ့များက ပြင်ဆင် လေ့ကျင့်နေကြောင်း သိရသည်။

ဗြိတိန်၏ နာမည်ကျော် SAS လေထီးတပ်ဖွဲ့များနှင့် လန်ဒန် ရဲတပ်ဖွဲ့ အကြမ်းဖက် တိုက်ဖျက်ရေး ယူနစ်များ ပူးပေါင်းကာ နေရာ ၁၀ ခုတွင် တစ်ပြိုင်တည်း ဖြစ်ပွားမည့် အကြမ်းဖက်မှုမျိုးကို အကောင်းဆုံး တုံ့ပြန်
နှိမ်နင်းနိုင်ရေး ပြင်ဆင်ထားခြင်း ဖြစ်သည်။ အိမ်နီးချင်း ပြင်သစ်၏ မြို့တော် ပါရီတွင် လက်နက်ကိုင်များက နေရာများခွဲဖြန့် တိုက်ခိုက်မှုကြောင့် လူ ၁၃၀ မျှ သေဆုံးခဲ့သည့် ဖြစ်ရပ်အပြီးတွင် ဗြိတိန်၌ အလားတူ အခြေအနေအတွက် ကြိုတင်တွက်ဆ စီစဉ်ထားသည်။
ဗြိတိန် အမျိုးသား ရာဇဝတ်မှု တိုက်ဖျက်ရေး အေဂျင်စီသည် လက်နက်ကိုင် အကြမ်းဖက်မှုများကို ဖြိုခွင်းရန် အပြည့်အဝ တာဝန်ယူ ဆောင်ရွက်နေသည်ဟု ယူဆရသည်။ အေဂျင်စီ အကြီးအကဲများက ဆီးရီးယားမှ ပြန်လာသည့် ဗြိတိန်နိုင်ငံသားများအနက် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်)နှင့် ဆက်နွှယ်သည့် စစ်သွေးကြွများ ပါဝင်လာနိုင်သည်ဟု ယူဆထားသည်။ ၎င်းတို့က လန်ဒန် အနှံ့တွင် အချိန်မရွေး အကြမ်းဖက် တိုက်ခိုက်လာနိုင်ခြေ ရှိသောကြောင့် အချိန်တိုင်းအတွက် တပ်လှန့် ပြင်ဆင်ထားခြင်း ဖြစ်သည်။
အဆိုပါ အစီအစဉ်တွင် လန်ဒန် ရဲတပ်ဖွဲ့အပြင် SAS အထူးတပ်ဖွဲ့များကပါ ပူးပေါင်းပြီး လေ့ကျင့်ထားသည်။ ထို့အပြင် အကြမ်းဖက်မှုများ ဖြစ်ပွားပါက SASနှင့် လန်ဒန်ရဲတပ်ဖွဲ့ကို ထောက်ပံ့ကူညီရန် စစ်တပ်ကလည်း မြို့ပြင်တွင် အသင့်အနေအထား နေရာယူထားမည် ဖြစ်သည်။
Telegraph သတင်းစာ၏ အဆိုအရ စစ်တပ်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဌာနခွဲမှ ဗုံးရှင်းယူနစ် တစ်ခုသည် အောက်စ်ဖို့ဒ် အခြေစိုက် Didcot သုတေသန ဌာနနှင့် ပူးပေါင်းကာ ဓာတုနှင့် ဇီဝ လက်နက်များကို ရှင်းလင်းနိုင်ရေး အတွက်ပါ မွမ်းမံ သင်ယူနေကြောင်း သိရှိရသည်။
SAS အဖွဲ့သည်လည်း မြို့တွင်း အကြမ်းဖက်မှု တိုက်ပွဲများကို ရင်ဆိုင်ရန်နှင့် လူအများ သေကြေစေနိုင်သည့် ဖောက်ခွဲရေး ပစ္စည်းများကို ကိုင်တွယ်ရှင်းလင်းပုံတို့ကို အဆင့်မြှင့် လေ့ကျင့်မှုများ ပြုလုပ်နေသည်။
ပါရီ အကြမ်းဖက်မှု၏ အဓိက တရားခံ တစ်ဦးဖြစ်သူ ဆာလား အက်ဘ်ဒီဆာလမ်ကို ဘယ်လ်ဂျီယံတွင် ဖမ်းဆီးရမိပြီးနောက် ဥရောပတွင် အိုင်အက်စ် အဆက်အနွှယ်များက သီးခြား တိုက်ခိုက်မှုများ ကျူးလွန်ရန် အစီအစဉ် ရှိမရှိကိုပါ စစ်ဆေးစုံစမ်းနေကြောင်းလည်း သတင်းရရှိသည်။
Credit To >>> ပြည်မြန်မာ

0 comments:

Post a Comment