16.5.16

အရည်အသွေး ပြည့်ဝသည့် စာရင်းအင်း ကိန်းဂဏန်းများ ထုတ်ပြန်နိုင်ရန် ၁၉၅၂ ဗဟိုစာရင်းစစ်တမ်း ကောက်ယူရေး အာဏာပိုင်အက်ဥပဒေကို အာရှဖွံ့ဖြိုးရေးဘဏ် အကူအညီဖြင့် ပြင်ဆင်ရေးဆွဲ၍ လွှတ်တော်သို့ ပေးပို့ထား

အရည်အသွေးပြည့်ဝသည့် စာရင်းအင်း ကိန်းဂဏန်းများ ထုတ်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် ၁၉၅၂ ဗဟိုစာရင်းစစ်တမ်း ကောက်ယူရေး အာဏာပိုင်အက်ဥပဒေကို အာရှဖွံ့ဖြိုးရေးဘဏ်၏ အထောက်အပံ့နှင့် ပြည်ပကျွမ်းကျင်မှု အကူအညီရယူကာ နိုင်ငံတကာစံနှုန်းများနှင့်အညီ အသစ်ပြန်လည် ရေးဆွဲကာ မူကြမ်းကို လွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီအစည်းအဝေး (၁/၂၀၁၆) တွင် ပြောကြားသည်။


၁၉၅၂ ဗဟိုစာရင်းစစ်တမ်းကောက်ယူရေး အာဏာပိုင်အက်ဥပဒေကို ပြန်လည်ရေးဆွဲခဲ့သည့်အပြင် အမျိုးသားစာရင်းအင်းစနစ်ဆိုင်ရာ မူဝါဒအနှစ်ချုပ်ကိုလည်း အစည်းအဝေးတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ ဖြန့်ဝေ အသိပေးထားကာ စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်ရေး စီမံချက်အတွက် လုပ်ငန်းကဏ္ဍအလိုက် ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ကာ ညှိနှိုင်းဆောင်ရွက်နေကြောင်း ဦးကျော်ဝင်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ် စီးပွားရေးအခြေပြစာစောင်နှင့် နှစ်စဉ် စာရင်းအင်းစာစောင် (၂၀၁၅ ခုနှစ်) ကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ထုတ်ပြန်နိုင်ခဲ့ပြီး နှစ်စဉ် စာရင်းအင်းစာစောင် (၂၀၁၆ ခုနှစ်)ကိုလည်း ပိုမိုကောင်းမွန် ပြည့်စုံအောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊KOICA အကူအညီဖြင့် MMSIS Website (www.mmsis. gov.mm) ဆောင်ရွက်ခဲ့ပြီး
ဖြစ်ကြောင်းနှင့် စာရင်းအင်းလုပ်ငန်းစဉ်များ ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် အရည်အသွေးပြည့်သည့် စာရင်းအင်းကိန်းဂဏန်းများ ထုတ်ပြန်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဦးကျော်ဝင်းက ပြောကြားသည်။

စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ (National Strategy for Development of Statistics- NSDS) အကောင်အထည်ဖော်ဆောင်ရေး စီမံချက်ကို  World Bank, ADB, IMF တို့နှင့် ၂၀၁၆ ခုနှစ် ဇွန်လကုန်တွင် အပြီးသတ် ပူးပေါင်းဆောင်ရွက်ရန်ရှိပြီး (NSDS) ဖော်ဆောင်နိုင်ရေးအတွက် တစ်မျိုးသားလုံးဆိုင်ရာ စာရင်းအင်းများ (National Account Statistics)၊ စစ်တမ်းများနှင့် စာရင်းအင်းဆိုင်ရာ စံသတ်မှတ်ချက်များ လုပ်ငန်းအဖွဲ့ (Survey Coordination and Statistical Standard) ၊ လူမှုရေးဆိုင်ရာ စာရင်းအင်းများနှင့် မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ စာရင်းအင်းများ လုပ်ငန်းအဖွဲ့ (Social and Vital Statistics)၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဆိုင်ရာ စာရင်းအင်းများလုပ်ငန်းအဖွဲ့ (Agriculture and Rural Sector Statistics) ၊ စွမ်းအင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စပ်လျဉ်းသော စာရင်းအင်းလုပ်ငန်းအဖွဲ့ (Energy and Environment Statistics) နှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းများလုပ်ငန်းအဖွဲ့  (Trade and Investment Sector Statistics) များ ဖွဲ့စည်း၍ဆောင်ရွက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

Credit To >>> Eleven Media Group   

1 comment:

  1. တော်တော်ကျယ်ပြန့်တာပါ နိုင်ငံ မှာရှိတဲ့ တည်နေရာ
    အကျယ်အဝန်းနယ်နမိတ် လူဦးရေ ကျေးရွာ ထိ တိုက်တာ
    အိုးအိမ် နဲ့ စိုက်ပျိုးမြေ လယ်ယာမြေဧက စီးပွားရေး အရင်းအမြစ်
    နိုင်ငံဝန်ထမ်း တပ်မတော်အင်အား များ ဌာနဆိုင်ရာကိန်းဂဏန်း
    များ အားလုံး တိကျခိုင်မာသည့် စာရင်းများ ပြုစု ထားရမှာ ဆိုတော့
    တကယ်မလွယ်ပါဘူး အောက်ခြေ မှ အဆင့်ဆင့် ဆောင်ရွက်ဖို့
    တိုက်တွန်း ရမှာနော် မလွယ်ပါဘူး

    ReplyDelete