8.6.16

တပ်မတော်က သိမ်းယူထားသည့် ကျောက်စိမ်းတုံး ရေမဆေးကျောက်ရှာသူများကို ပြန်ပေးဟုဆို

ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု နန့်မော်၌ မေလ ၂၇ ရက် ညနေ ၄ နာရီခန့်က ရေမဆေးကျောက်ရှာသူများ တွေ့ရှိခဲ့သည့် ပိဿာ၂၀၀ ခန့်ရှိ ကျောက်စိမ်းတုံးကို ကန်သုံးထောင် တပ်စခန်းက သိမ်းယူသွားခဲ့ရာမှ ဇွန်လ ၂ ရက်နေ့က ပြန်ပေးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“ တပ်က တာဝန်ရှိသူတွေနဲ့ ဒီဘက်က သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ ညှိနှိုင်းခဲ့တာကြောင့်လည်း ဟုတ်တယ်။ နေပြည်တော်အဆင့် တာဝန်ရှိသူတွေ သိသွားတာကြောင့်လဲ ဟုတ်တယ်” ဟု ဆိတ်မူကျေးရွာ NLD ပါတီဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားသည်။
ရေမဆေးကျောက်ရှာသူများသည် ကန်သာဦး ကုမ္ပဏီ၏ မြေစာသွန်ချရာ မြေစာပုံအတွင်းမှ မိုးရွာသွန်းမှုကြောင့် ဖြစ်လာသည့် ရေစီးချောင်း၌ အဆိုပါကျောက်စိမ်းတုံးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သယ်ယူရန် အခက်အခဲရှိ၍ စခန်းချထားသည့်တပ်ကို အကူအညီတောင်းရာမှ သိမ်းယူခံခဲ့ရခြင်း ဖြစ်သည်။
“ အခုတော့ အဲဒီကျောက်တုံးက နန့်မော်မှာပဲ ခဏ သိမ်းထားတယ်။ နေပြည်တော်နဲ့ ပြည်နယ်အစိုးရလည်း သိထားတယ်ဆိုတော့ ဘာမှမလုပ်သေးနဲ့လို့ ပြောတယ်။ နိုင်ငံတော်အစိုးရကိုပဲ အပ်ရမလားဆိုတာကတော့ မသိရသေးဘူး”ဟု ဦးရွှေသိန်းက ထပ်လောင်း ပြောကြားသည်။
ဆိတ်မူကျေးရွာအုပ်စု နန့်မော်၌ စခန်းချထားသည့် ကန်သုံးထောင် တပ်စခန်းကို အမှတ် (၄၂၅) ခြေမြန်တပ်ရင်းမှ တပ်ခွဲမှူးဗိုလ်ကြီးမိုးသူအောင် ဦးစီးနေသည့်စခန်းဖြစ်သည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment