8.6.16

အေးရှားဝေါလ်ကုမ္ပဏီခွဲ YACL ကုမ္ပဏီက Airport Tax နှုန်းထားကို နိုင်ငံခြားသားများအတွက် ဒေါ်လာ၂၀ နှင့် မြန်မာနိုင်ငံသားများအတွက် ၃၀၀၀ ကျပ်သို့ ဇူလိုင် ၁ ရက်မှစ၍ တိုးမြှင့် ကောက်ခံမည်

ဇူလိုင် ၁ ရက်မှစ၍ Airport Tax အား နိုင်ငံခြားသားများအတွက် ဒေါ်လာ ၂၀ နှင့် မြန်မာနိုင်ငံသားများအတွက် ကျပ် ၃၀၀၀ သို့ အေးရှားဝေါလ်ကုမ္ပဏီခွဲ ဖြစ်သည့် (YACL)က တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင် တည်ဆောက်ခြင်းနှင့် လေဆိပ်လုပ်ငန်းများ ဆောင်ရွက်ခြင်းအား အေးရှားဝေါလ်ကုမ္ပဏီ လက်အောက်ရှိ Yangon Aerodrome Services (YACL)  ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိထားသည်။ သို့ဖြစ်၍ လက်ရှိတွင် Airport Tax  ကောက်ခံခြင်းအား (YACL) က ကောက်ခံနေခြင်း ဖြစ်သည်။
 
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့ ထွက်ခွာမည့် ပြည်တွင်း ပြည်ပ ခရီးသည်များပေးဆောင်ရသည့် ခရီးသည်ဝန်ဆောင်ခ Passenger Service Charge (PSC) အား လက်ရှိတွင် နိုင်ငံခြားသားခရီးသည်များ အား ၁၅ ဒေါ်လာနှင့် ပြည်တွင်းခရီးသည်များအား မြန်မာကျပ်ငွေ ၂၀၀၀ အား လေယာဉ်လက်မှတ် ရောင်းချရာတွင် တစ်ပါတည်း ထည့်သွင်း၍ လေကြောင်းလိုင်းများမှ ကောက်ခံပေးလျက် ရှိသည်။
 
ယခုကဲ့သို့ Airport Tax အား တိုးမြှင့်ကောက်ခံခြင်းမှာ ရန်ကုန်လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် Yangon Aerodrome Services (YACL) မှ ရန်ကုန်လေဆိပ်တွင် ၎င်းတို့ ရင်းနှီးမြှုပ်နှံမှုပမာဏ များပြားလာခြင်းကြောင့် Airport Tax အား တိုးမြှင့်ကောက်ခံရန် ပို့ဆောင်ရေးဝန်ကြီးဌာနသို့ တင်ပြမှုကြောင့်ဌာနမှ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်ဖြင့် တိုးမြှင့်ကောက်ခံရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
 
အဆိုပါ Airport Tax တိုးမြှင့်ကောက်ခံခြင်းအား ဇူလိုင် ၁ ရက်တွင် စတင်မည်ဖြစ်သော်လည်း လေကြောင်းလိုင်းများမှ လေယာဉ်လက်မှတ်များအား ကြိုတင်ရောင်းချထားခြင်း ဖြစ်သောကြောင့် ဇူလိုင် ၁ ရက်တွင် ထွက်ခွာမည့် ခရီးစဉ်များအတွက်မူ ဈေးနှုန်းတိုးမြှင့်ထားပြီးဖြစ်ကြောင်း သိရသည်။
 
လေကြောင်းလိုင်းများမှ ဇူလိုင် ၁ ရက် နောက်ပိုင်း ထွက်ခွာမည့် ခရီးစဉ်များအတွက် လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူထားသော်လည်း Airport Tax တိုးမြှင့်ကောက်ခံထားခြင်း မရှိသည့် ခရီးသည်များအား လေဆိပ်တွင် ထပ်မံ ကောက်ခံသွားမည်ဟု သိရသည်။
 
“ System ထဲမှာUpdate ဖြစ်တဲ့ မေ ၁၉ ရက် ကတည်းက ၅ ဒေါ်လာကို တိုးကောက်နေပါတယ်။  ဇူလိုင် ၁ ရက်က စသွားမယ့် သူတွေက တစ်ခါတည်း တိုးကောက်ပြီးသားပေါ့။ အရင်က ကြိုရောင်းထားတယ်။ အဲဒီမှာ ၅ ဒေါ်လာ လျော့နေတဲ့ ခရီးသည်တွေဆိုရင် လေဆိပ်မှာပဲ ၅ ဒေါ်လာ ထပ်ကောက်သွားပါမယ်” ဟု  SilkAir  လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
အေးရှားဝေါလ်ကုမ္ပဏီ လက်အောက်ရှိ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Yangon Aerodrome Services (YACL) သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းကိုသာမက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် ၀န်ဆောင်မှုလုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့် ရရှိထားပြီး နေပြည်တော်လေဆိပ်မှာ ပြည်တွင်း ပြည်ပလေကြောင်းလိုင်းများ ဆင်းသက်မှုမရှိခြင်းကြောင့် အရှုံးပေါ်သည်ဟုဆိုကာ ယခင်အစိုးရ လက်ထက်တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခွင့်ပြုရန် တောင်းဆိုခဲ့သည်။  
Credit To >>> Eleven Media Group  

0 comments:

Post a Comment