8.6.16

ကုန်သွယ်မှုအထူးအခွင့်အရေးများပေးအပ်ရန် အမေရိကန်ကုန်သည်များအသင်းက အမေရိကန်-မြန်မာ စီးပွားရေးမူဝါဒဆိုင်ရာကြော်ငြာစာတင်ပြ

အမေရိကန်-မြန်မာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အနာဂတ်အလား အလာကောင်းများအတွက် ဇွန် ၆ ရက်က ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံးတွင် ပြုလုပ်ခဲ့သည့် US- Myanmar Economic Relations : The Next Phase ကွန်ဖရင့်တွင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန်နှင့် အခွန်ကင်းလွတ်ခွင့် များအပါအဝင် ကုန်သွယ်မှုအထူးအခွင့် အရေးများပေးအပ်ရန်အတွက် အမေရိကန် ကုန်သည်များအသင်းက အမေရိကန်-မြန်မာ စီးပွားရေးမူဝါဒဆိုင်ရာ ကြော်ငြာစာ (White Paper) တင်ပြခဲ့သည်။

အမေရိကန် ကုန်သည်များအသင်း အရှေ့တောင်အာရှ ညွှန်ကြားရေးမှူး Mr. John Goyer က အသင်း၏ အမေရိကန်-မြန်မာ စီးပွားရေးမူဝါဒဆိုင်ရာ ကြော်ငြာစာ (White Paper) ကို တင်ပြခဲ့ခြင်းဖြစ်ပြီး ယင်းကြော်ငြာစာတွင် အမေရိကန်နိုင်ငံ၏ International Economic Emergency Powers Act အရ မြန်မာနိုင်ငံအပေါ် ပြဋ္ဌာန်းထားသည့် အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်း ပေးရန်အကြံပြုထားပြီး အခွန်သက်သာခွင့် အပါအဝင် ကုန်သွယ်မှုအထူးအခွင့်အရေးများ ပေးအပ်ရန်နှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုအပြင် နည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ကူညီထောက်ပံ့မှုများ ပေးအပ်ရန်အတွက်ပါ တိုက်တွန်းနှိုးဆော်ထားသည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။
''မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေကို ကုန်သွယ်မှု အထူးအခွင့်အရေးတွေ (GSP) ပေးတာပါ။ အခွန်သက်သာခွင့်ပေးတာပါ။ အခွန်အတုတ် လျှော့ပေါ့ခွင့် အရင်တုန်းကရခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ထွက်ကုန်တွေဟာ တခြားနိုင်ငံ က ဝင်လာတဲ့ထွက်ကုန်တွေနဲ့ ယှဉ်ပြိုင်ပြီး ရောင်းလို့ရတဲ့အတွက် ဒါကို အမေရိကန် အစိုးရကလည်း ပြန်ပေးချင်တဲ့ဆန္ဒရှိပါတယ်။ အမေရိကန် ကုန်သည်များ အသင်းကလည်း ပူးပေါင်းပြီးတော့ ဒါလေးတွေကို လျှော့ပေါ့ဖို့ လုပ်နေပါတယ်။ နိုင်ငံတော်ကလည်း ဒါကို အခွင့်အရေးရတော့ အခြေခံလူတန်းစားတွေ အတွက်လည်း ဘဝကိုမြှင့်တင်ပေးနိုင်ပါတယ်။ လယ်ယာထွက်ကုန်တွေလည်း အားလုံးက အမေရိကန်နိုင်ငံကို တင်ပို့ရောင်းချနိုင်မယ် ဆိုတဲ့ ရည်မှန်းချက်ပါ။ ရဖို့လည်း အလားအလာများပါတယ်''ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားသွားသည်။
ယင်းသို့ GSP ရရှိခဲ့ပါကလည်း မြန်မာနိုင်ငံအနေဖြင့် ထုတ်ကုန်ကဏ္ဍတွင် အရည်အသွေးပြည့်မီရန်နှင့် စံချိန်စံညွှန်းနှင့် ညီညွတ်မှုရှိစေရန်အတွက် ကြိုတင်ပြင်ဆင် ထားရန်လည်း လိုအပ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
''GSP ကို လာအိုက အခုမှရမှာ။ မြန်မာ နိုင်ငံက ရခဲ့ပြီးသား။ ပြန်ရဖို့လုပ်နေတာ။ GSP က အများကြီးပဲ။ ထုတ်ကုန်အမယ်ပေါင်း ၅ဝဝဝ လောက်ရှိတယ်။ ဒီက များများ ထွက်နိုင်လေ သူတို့ကို တင်ပို့နိုင်လေပဲ။ အစစအရာရာ လယ်လုပ်သူတွေရော၊ ထုတ်လုပ်သူတွေရော၊ ထုတ်လုပ်မှုကဏ္ဍမှာပါ တက်သွားမှာပါ။ တော်တော်ကို သိသိသာသာ ရတဲ့ အထူးအခွင့်အရေးပါ။ စံချိန်စံညွှန်း အပိုင်းမှာတော့ ကိုယ့်နိုင်ငံအနေနဲ့ ထိန်းသွား ဖို့၊ အရည်အသွေးကို ထိန်းဖို့လိုပါတယ်'' ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။
ယင်းသို့ အမေရိကန်- မြန်မာ စီးပွားရေး ဆိုင်ရာ ဆွေးနွေးမှုများကို ပြီးခဲ့သည့် အစိုးရ လက်ထက် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီတွင်လည်း ပြုလုပ်ခဲ့ပြီး အစိုးရအပြောင်းအလဲ စတင်ချိန်တွင် ဆက်လက်ဆောင်ရွက်သွားမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ ယခုအစိုးရလက်ထက်တွင် ဒုတိယအကြိမ်မြောက် ဆွေးနွေးခြင်းဖြစ်ပြီး အပြောင်းအလဲများ စတင်လုပ်ဆောင်ခဲ့သည့် ၂ဝ၁၁ ခုနှစ် နောက်ပိုင်းနှင့် အစိုးရနှစ်ခုကြား ဆွေးနွေးမှု များတွင် တဖြည်းဖြည်းတိုးတက်မှုများ ရှိလာ သည်ဟုသိရပြီး နိုင်ငံရေးအရ တိုးတက်လာ သလို စီးပွားရေးအရလည်း ယှဉ်ပြိုင်တိုးတက် ရန်လိုအပ်သည်ဟု ဒေါက်တာမောင်မောင်လေး က ပြောသည်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးတွင် ဒေသတွင်း သိသိသာသာ ပြောင်းလဲတိုးတက်လာသော မြန်မာနိုင်ငံ အတွက် အမေရိကန် ကုန်သည်များအသင်း အနေဖြင့် အားပေးထောက်ပံ့မှုများကို ပြုလုပ်ရန် လိုလားလျက်ရှိပြီး အမေရိကန် ကုန်သည် များအသင်းသည် ကမ္ဘာပေါ်တွင်လည်း အကြီးမားဆုံးနှင့် အမေရိကန်အစိုးရကို တွန်းအားပေးပြောဆိုနိုင်သော အင်အားရှိကြောင်း ဒေါက်တာမောင်မောင်လေးက သုံးသပ်ပြောကြားသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment