8.6.16

တရုတ်နှင့် ဥရောပဈေးကွက်သို့ အဝယ်လိုက်လာသဖြင့် ပြည်တွင်းဆန်ကြမ်း ဈေးအနည်းငယ် ပြန်တက်လာ

ယခု ဇွန်လပထမပတ်အတွင်း ပြည်ပဆန်တင်ပို့မှု အနည်းငယ် မြင့်တက် လာသည့်အတွက် ပြည်တွင်း ဆန်ကြမ်းဈေးအနည်းငယ် ပြန်လည်မြင့် တက်လာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဘဏ္ဍာရေးမှူး ဦးအောင်မြင့်က ပြောသည်။

ယခုနှစ် ဇန်နဝါရီ၊ ဖော်ဖေဝါရီလ များအတွင်းက ဥရောပနှင့် အီးယူ နိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ တင်ပို့နေသည့် ဆန်ဈေးကွက်တွင်၂၅ မှတ်တန်ဆန်ကြမ်း တစ်တန်လျှင် ဒေါ်လာ ၃၂ဝ ဈေးနှုန်းရှိရာမှ လက်ရှိ တွင် ၂၅ မှတ်တန် ဆန်ကြမ်းတစ်တန် လျှင် ဒေါ်လာ ၃၆ဝ မှ ၃၇ဝ အထိ ဈေးမြင့်တက်လာကြောင်း သိရသည်။
ဦးအောင်မြင့်က ''အခုဒီရက်ပိုင်း မှာ တရုတ်ကလည်း နည်းနည်း ပြန်ဝယ်လာတယ်။ ကမ္ဘာ့ဆန်ဈေးကလည်း ပြန်တက်လာတော့ ပြည်တွင်းဆန်ကြမ်းဈေးနည်းနည်း ပြန်တက်လာတယ်''ဟု ပြောသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဈေးကွက် သတင်းအချက်အလက်အဖွဲ့ (AMIA)၏ နေ့စဉ် ဈေးကွက်လေ့လာချက် များအရ ဧပြီလအတွင်းက ပြည်တွင်း ဆန်ဈေးကွက်တွင် ဆန်ချော အမျိုး အစားဖြစ်သည့် ပေါ်ဆန်းဆန်သစ်များ တစ်အိတ်လျှင် ကျပ် ၄၄ဝဝဝ၊ ၃၃ဝဝဝ ဝန်းကျင်တွင် ဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး ဆန်ကြမ်းအမျိုး အစားဖြစ်သည့် ဧည့်မထဆန် တစ်အိတ် လျှင် ကျပ် ၂၃ဝဝဝ မှ မတ်လအတွင်း က တစ်အိတ်လျှင် ကျပ် ၂ဝ၅ဝဝ ခန့်သို့ ဈေးနှုန်းကျဆင်းသွားခဲ့ပြီး လက်ရှိတွင် ၂ဝ၅ဝဝ မှ ၂၃၅ဝဝ အထိ ဈေးအနည်းငယ် ပြန်လည်မြင့် တက်လာသည်ကို တွေ့ရသည်။
ဦးအောင်မြင့်က ''တရုတ်အစိုးရ က ဒီကပို့ကုန်တွေကို ဖမ်းဆီးတာရော၊ ဒေါ်လာဈေးကျဆင်းသွားတာရော ကြောင့် ဒီနှစ်ဆန်တင်ပို့မှုကတော့ မနှစ်ကထက် တန်ချိန် သုံးသိန်း လောက် လျော့ကျသွားတယ်။ ပြီးခဲ့တဲ့ ကြားထဲမှာလည်း အရောင်းအဝယ် သိပ်မရှိဘူး''ဟု ပြောသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့နေ သည့် ဆန်အမျိုးအစားများမှာ ဇီယာ၊ ဧည့်မထ ဆန်အကျိုးအကြေဆန်ကွဲ ၂၅ မှတ်တန်များကို တင်ပို့နေခြင်း ဖြစ်ပြီး လက်ရှိ ပြန်တွင်းဆန်ဈေးကွက် တွင် အဆိုပါဧည့်မထ ဆန်ကွဲ တစ်အိတ်လျှင် ၁၇ဝဝဝ မှ ၁၇၅ဝဝ ထိ ဈေးနှုန်းရှိကြောင်း AMIA ၏ ဈေးနှုန်းများအရ သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများ သို့ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၄ သန်း၊၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၂ သန်းနှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် တွင် ၁ ဒသမ ၈ သန်းတင်ပို့နိုင်ခဲ့ပြီး ယခု ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၄ သန်းခန့် သာ တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့ သည့် ဆန် ၇ဝ ရာခိုင်နှုန်းခန့်သည် တရုတ်သို့ မူဆယ်မှတစ်ဆင့် တင်ပို့ နေခြင်းဖြစ်ပြီး အာဖရိက၊ ဥရောပ နိုင်ငံများနှင့် အာဆီယံနိုင်ငံအချို့ကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ် ရေကြောင်းဖြင့် တင်ပို့နေခြင်းဖြစ် သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment