8.6.16

ရန်ကုန်မြို့ မြို့ပြင်မြို့နယ်များ၌ ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာပေါင်း ၈၀၀၀ ကို လာမည့် စက်တင်ဘာတွင် စတင် တည်ဆောက်မည်ဟုဆို

ရန်ကုန်မြို့ မြို့ပြင်မြို့နယ်များ၌ ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာပေါင်း ၈၀၀၀ အား လာမည့် စက်တင်ဘာတွင် စတင် တည်ဆောက်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
 
ဇွန် ၇ ရက်က နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
လက်ရှိတွင် တည်ဆောက်ရေးအတွက် မြေနေရာ ၂၃၂ ဧက ရရှိထားပြီး လှိုင်သာယာ၊ ဒဂုံမြို့သစ် စသည့် မြို့နယ်များတွင် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ တည်ဆောက်မည့် ဒီဇိုင်းများလည်း လျာထားပြီးဖြစ်ကြောင်း သိရသည်။
 
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က “အိမ်ရာကိစ္စကတော့ ရန်ကုန်မြို့ မြို့ပြင်မှာရှိတဲ့ မြို့နယ်တွေမှာ ဧက ၂၃၂ ဧက ရထားပြီးပါပြီ။ အဓိကကတော့ မြေအခက်အခဲ ဖြစ်နေပါတယ်။ ဧက ၂၃၂ ဧက မှာ သိန်း ၁၀၀ အောက် အခန်းပေါင်း ၈၀၀၀ ဆောက်ဖို့ပါ။ မြေရပြီးတဲ့အတွက် ဆောက်မယ့် အိမ်တွေရဲ့ ဒီဇိုင်းတွေလည်း လျာထားပြီးပါပြီ”ဟု ပြောကြားသည်။
 
အဆိုပါ မြေ ၂၃၂ ဧကပေါ်တွင် နေအိမ်များကို ပြွတ်သိပ်စွာ ဆောက်လုပ်သွားမည် မဟုတ်ဘဲ လမ်း၊ ရေမြောင်း၊ ကားပါကင်၊ လူမှုရေးကိစ္စ ဆောင်ရွက်ရန်နေရာ စသည်ဖြင့် စနစ်တကျ တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
 
အိမ်ရာများ ဖော်ဆောင်ရာတွင် အမှန်တကယ် ကုန်ကျစရိတ်၊ ကြာမြင့်ချိန်စံနှုန်းများ ရရှိရန်အတွက်လည်း နေပြည်တော်တွင် တည်ဆောက်နေသည့် အိမ်ရာစီမံကိန်း နှစ်ခုမှ တွက်ချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
 
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က “တန်ဖိုးနည်းအိမ်ရာဆိုပြီး ဈေးတွေများနေတာ အရင်က စံနှုန်းမရှိလို့ မသိပါဘူး။ ဒါကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက တစ်လုံးကို Steel Structure နဲ့ ဆောက်တယ်။ တစ်လုံးကို Reinforced Concrete နဲ့ ဆောက်တယ်။ ဒီနှစ်လုံးရဲ့ကုန်ကျစရိတ် အတိအကျ၊ ကြာမြင့်ချိန် ဒီနှစ်ခုကို စံနှုန်းရပြီဆိုရင် ၂၃၂ ဧကမှာ ဒီပုံစံ၊ ဒီစံနှုန်းတွေနဲ့ စပြီးဆောက်မှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
 
အဆိုပါ တန်ဖိုးနည်းအိမ်ရာများကို ရောင်းချမည့် ဈေးနှုန်း၊ စည်းမျဉ်းစည်းကမ်း မူဝါဒများနှင့် ပတ်သက်၍လည်း အသေးစိတ် ရေးဆွဲလျက်ရှိပြီး ပြီးစီးပါက တရားဝင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
 
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်  အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးအဖြစ် ပုဂ္ဂလိကနှင့် ပူးပေါင်းထုတ်ဖော်ရန် အိမ်ရာယူနစ်ပေါင်း ၁၈၀,၀၀၀ အား မြေနေရာရရှိမှု၊ ဘဏ္ဍာငွေ ရရှိမှုတို့အပေါ် မူတည်ကာ ဆက်လက် ဖော်ထုတ်ရန် လျာထားကြောင်း သိရသည်။
Credit To>>> Eleven Media Group

0 comments:

Post a Comment