25.6.13

မှော်ဘီနှင့် တိုက်ကြီးတွင် ဝက်များ အစုလိုက် သေဆုံး

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် နှင့် တိုက်ကြီးမြို့နယ်တို့တွင် လွန်ခဲ့သော တစ်ပတ် မှစ၍ ဝက်များသည် ပုံမှန် မဟုတ်သော သေဆုံးမှု များပြားလာကြောင်း ဒေသခံများက The Voice သို့ပြော ကြားသည်။

ဇွန်လ တတိယပတ်တွင် ရပ်ကွက်ထဲ၌ ဝက်များသည် ကိုယ်ပူခြင်း၊ ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်ခြင်းများ ရှိခဲ့ပြီး တိ၊မွေး၊ကု ဆရာဝန်နှင့် ခေါ်ယူ ကုသသော်လည်း သုံးရက်အတွင်း ဝက်ငါးကောင်ခန့် သေဆုံး ခဲ့ကြောင်း မှော်ဘီမြို့နယ် (၄) ရပ်ကွက် ၁၅၀၀ ကွက်သစ် နေထိုင်သည့် ဝက်မွေးမြူသူ ဦးထွန်းထွန်း က ပြောကြားသည်။

“ဝက်တွေသေတာ ကြားနေရတယ်။ ဘာကြောင့်သေလဲဆိုတာ လူတွေမသိကြပေမယ့် ပေါ်ရောင်းနေကြ တဲ့ လူတွေရှိတယ်။ ရွာထဲမှာဆို နေမကောင်းလို့သေသွားတဲ့ဝက်တွေကို တစ်ပိဿာကျပ် ၂၀၀၀ ဈေး နဲ့ ရောင်းတော့ အရင် ၆၀၀၀ နဲ့ စာရင် သက်သာတယ်ဆိုပြီး ဝယ်စားနေကြတာပေါ့”ဟုမြောင်းတကာ ကျေး ရွာအုပ်စု ရေကျော်ကျေးရွာမှ ဝက်မွေးသူတစ်ဦးက ဆိုသည်။

ခြံထဲတွင် ဝက်နှစ်ကောင် ကိုယ်ပူပြီး ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်ကာ သေဆုံး သွားသဖြင့် ကျန်နေသော ဝက် သုံးကောင်ကို ထုတ်ရောင်း လိုသော်လည်း ဝက်ဈေးများ ကျနေ၍ မရောင်းဖြစ်ကြောင်း တိုက်ကြီးမြို့နေ ဦးတင်ဝင်း က ပြောကြားသည်။

ရောဂါ ကူးစက်ခံရပြီး သေဆုံးသည့် ဝက်သားကို လူက စားမိပါက ဝမ်းရောဂါနှင့် ဆက်နွှယ်သော ရောဂါ များ ဖြစ်နိုင်ပြီး ဝက်များ ပုံမှန်မ ဟုတ်သော သေဆုံးမှုများ ရှိခဲ့လျှင် ဝက်ပိုင်ရှင်များ အနေဖြင့် နီးစပ်ရာ ဓာတ်ခွဲခန်းနှင့် ဌာနများသို့ သတင်းပေးပို့ရန် လိုကြောင်း

ရန်ကုန်တိုင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
“ဝက်တွေသေတဲ့ သတင်းတွေ ကြားနေရပေမယ့် ဘာရောဂါလဲ ဆိုတာတော့ မသိသေးဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ တိုင်းဒေသကြီး အချို့တွင် ပုံမှန်မဟုတ်ဘဲ ဝက်သေဆုံးမှုများ တွေ့ရှိရပြီး အသေသား မရောင်းရ ဥပဒေကို ထုတ်ပြန်ထားသော်လည်း လိုက်နာခြင်း မရှိကြောင်း ၎င်း၏ ပြော ကြားချက်အရ သိရသည်။

ဝက်များတွင် ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားပါက ကနဦးတွင် နေ မကောင်း ဖြစ်ခြင်း၊ သားလျှောခြင်း၊ အစာမစားခြင်းနှင့် ဝမ်းချုပ်ခြင်း၊ အရေပြား နီရဲလာခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်လေ့ရှိပြီး ၂၀၁၁ ခုနှစ် ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားခဲ့ချိန်က တစ်နိုင်ငံလုံးတွင် ဝက်ကောင်ရေ တစ်သိန်းကျော် သေဆုံး ခဲ့ ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန စာရင်းအရ သိရသည်။

အိန္ဒိယနိုင်ငံတွင် ဝက်နားရွက်ပြာရောဂါ တွေ့ရှိရသဖြင့် မြန်မာ-အိန္ဒိယ နယ်စပ်ရှိ ဂိတ်များမှ တင်သွင်း လာမည့်ဝက်များကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း အိန္ဒိယတိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က ပြောကြားသည်။

The Voice Weekly News

0 comments:

Post a Comment