25.6.13

ထိုင်းနိုင်ငံတွင် တရားမ၀င် မြန်မာအလုပ်သမားများအား ဖမ်းဆီးကာ နေရပ်သို့ ပြန်ပို့နေ

မြန်မာအလုပ်သမား အများစုရှိရာ ထိုင်းနိုင်ငံ မဲဆောက်မြို့ တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)

ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် အထောက်အထား မဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးကာ နေရပ်သို့ ပြန်လည်ပို့ဆောင် လျက်ရှိကြောင်း အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

ထိုင်းနယ်စပ်စခန်း တစ်ခုသို့ တရားမ၀င် ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅၀ ကို ထိုင်းတပ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ပြီး ဇွန် ၂၁ ရက် တွင် နှစ်သုတ်ခွဲကာ မြ၀တီမြို့သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ယင်းဖမ်းဆီးခံရသူ များထဲတွင် အမျိုးသမီးများနှင့် ကလေးများလည်း ပါဝင်ကြောင်း သိရသည်။ ''ထိုင်းနိုင်ငံဘက်မှာ လူကုန်ကူးမှုတွေ ဆက် တိုက်ဖြစ်နေလို့ အခုလိုမျိုး ဖမ်းဆီးစစ်ဆေးပြီး ပြန်ပို့နေတာပါ။ ပြန်ပို့ခံရတဲ့ လူတွေက အထောက်အထား မရှိတဲ့ လူတွေပါ။ တာချီလိတ် ဘက်မှာတော့ ခဏခဏ အဲဒီလို ပြန်ပို့နေကျပဲ။ မြ၀တီမှာတော့ အခုမှ ပြန်ပို့ တာပါ'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ ရွှေ့ပြောင်း အလုပ်သမားဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အိမွန်စိုးက ပြောကြားသည်။ ထို့ပြင် တရားမ၀င် မြန်မာအလုပ်သမား ၁၁ ဦးတို့ကို ဇွန် ၂၁ ရက်တွင် တာချီလိတ်မြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ယင်းတို့မှာ ထိုင်းနိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက်ခဲ့ပြီး နေထိုင်ခွင့်ကတ်ပြား မရှိခြင်းနှင့် နယ်စပ်ဖြတ်သန်းခွင့်ခုနှစ်ရက် ကျော်လွန်ခြင်း တို့ကြောင့် ရှောင်တခင် စစ်ဆေးချက်အရ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် လူကုန်ကူး ခံထားရသူများ မဟုတ်ကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးချုပ်ဦးသက်နိုင်ဦး ကလည်း ''အလုပ်သမား ၀န်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံက စက်ရုံအလုပ်ရုံတွေမှာ အမှန်တကယ် အလုပ် လုပ်နေတဲ့ သူတွေကို အထောက်အထား ထုတ်ပေးတာပါ။ နယ်စပ်ကနေ ထိုင်းဘက်ကို တရားမ၀င် ဘဲ ဈေးသွားရောင်းတဲ့သူတွေ၊ ဆိုင်ဖွင့်တဲ့သူတွေ၊ သွားလည်တဲ့သူတွေကိုတော့ ဖမ်းမှာပေါ့။ သူတို့ အထောက်အထား ထုတ်ပေးတဲ့ အထဲမှာလဲ အကျုံးမ၀င်ဘူး။ နောက် အလုပ်သမားတွထဲမှာလဲ အထောက် အထား ထုတ်ပေးရက်သားနဲ့ လာမလုပ်ရင်တော့ အဖမ်းခံရမှာပဲ'' ဟု ဆိုသည်။ အလုပ်သမား အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနသည် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို အထောက် အထားထုတ်ပေးလျက်ရှိရာ လက်ရှိတွင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ ဒသမ ၂ သန်းကျော် အား အထောက်အထားများ ထုတ်ပေးခဲ့ပြီး အထောက်အထားများ ထုတ်ပေးရန် ကျန်ရှိနေ သည့် အလုပ်သမား တစ်သန်းကျော်အား စခန်း ၁၁ ခု ဖွင့်လှစ်ကာ အထောက်အထားများ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၉ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၂၁ ရက်အထိ တရားမ၀င် မြန်မာ အလုပ်သမား ကျား ၄၆၄၉ ဦး၊ မ ၁၆၀၄ ဦး စုစုပေါင်း ၂၆၂၅၃ ဦးကို မြန်မာနိုင်ငံသို့ လွှဲပြောင်း ပေးထားကြောင်း သိရသည်။

0 comments:

Post a Comment