25.6.13

စာရွက်စာတမ်းအတုများဖြင့် ပွဲစားများမှတစ်ဆင့်လျှောက်ထားခြင်းကို စစ်ဆေးတွေ့ရှိပါက ဗီဇာကိုရာသက်ပန်ပိတ်ပင်သွားမည်ဟု ထိုင်းသံရုံးမှသတိပေးချက်ထုတ်ပြန်

ထိုင်းသံရုံးတွင် ဗီဇာရရှိရန် စောင့်ဆိုင်းနေကြသူများအား ဇွန်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

ထိုင်းဗီဇာ လျှောက်ထားခြင်းကို ကိုယ်တိုင်လာရောက် လျှောက်ထားရန်နှင့် စာရွက်စာတမ်း အတုများဖြင့် ဗီဇာပွဲစားများမှတစ်ဆင့် လျှောက်ထားခြင်းကို စစ်ဆေးတွေ့ရှိရပါက ထိုင်းနိုင်ငံသို့ ၀င်ရောက်ခြင်းကို ရာသက်ပန် ပိတ်ပင်သွားမည်ဟု ထိုင်းသံရုံးမှ ကြေညာချက် ထုတ်ပြန်ထားသည်။ ယင်းသို့ ကြေညာချက် ထုတ်ပြန်ထား ရခြင်းမှာ ထိုင်းဗီဇာ လျှောက်ထားမှု များပြားနေချိန်၌ ထိုင်းဗီဇာ ပြုလုပ်ပေးနေသော ပွဲစား အချို့ ရှိနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းကြောင့် ဖြစ်သည်ဟု ထိုင်းသံရုံးမှတာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်ရန်မှာ ငွေကြေးများစွာမကုန်ကျတော့ခြင်းကြောင့် အချို့ပြည်တွင်း ခရီးစဉ်များပင်မသွားတော့ဘဲ ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်ခြင်းကို ပိုမိုစိတ်ဝင်စားလာ ကြခြင်း ဖြစ်သည်ဟု သိရသည်။ ထိုင်းသံရုံးမှ ဗီဇာအား ပွဲစားများဖြင့် လျှောက်ထားခြင်း မပြုရန် ထုတ်ပြန် သည့် ကြေညာချက်တွင် ဗီဇာအား ကိုယ်တိုင်ဝင်ရောက် လျှောက်ထားနိုင်ကြောင်း၊ ဗီဇာအား လွယ်ကူစွာ ရရှိပါမည်ဟု ပြော၍ အပိုကြေး ယူဆောင်ပြုလုပ် ပေးနေသော ဗီဇာပွဲစားများအား အသိပြု ရှောင်ရှား ကြ ရန်နှင့် ဗီဇာပွဲစား များမှတစ်ဆင့် လျှောက်ထားခြင်းသည် အလွန်အန္တရာယ် များပြားကြောင်း အသိပေး ထားသည်။ စာရွက်စာတမ်း အတုများဖြင့် ဗီဇာပွဲစားများမှ တစ်ဆင့် လျောက်ထားခြင်းကို စစ်ဆေးတွေ့ရှိ ရပါက ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ခြင်းကို ရာသက်ပန် ပိတ်ပင်တားမြစ် ခံရမည်ဖြစ်ကြောင်း၊ ပွဲစား များသည်လည်း တည်ဆဲဥပဒေအရ ထိရောက်ကြီးလေးသော ပြစ်ဒဏ် ကျခံရနိုင်ကြောင်းလည်း ထိုင်းသံရုံး က သတိပေးချက် ထုတ်ပြန်ထားသည်။

ထို့ပြင် ဗီဇာလျှောက်ထားခြင်းနှင့် ပတ်သက်၍ ပွဲစားများမှ သော်လည်းကောင်း၊ သံရုံးဝန်ထမ်းများမှ သော် လည်းကောင်း မလျော်ကန်သော အကြောင်းအရာများကို သိရှိရပါက အီးမေးလ်လိပ်စာ thaiembassyygn@gmail.com သို့ ပေးပို့ အကြောင်းကြားစေ လိုကြောင်း ထိုင်းသံရုံးက အသိပေး ကြေ ညာထားသည်။ ယခုအချိန်တွင် တစ်နေ့လျှင် ထိုင်းဗီဇာအား ဦးရေ ၃၀၀ မှ ၄၀၀ ကြားအထိ ထုတ်ပေးနေကြောင်းလည်း ထိုင်းသံရုံးမှ သိရသည်။

EMG

0 comments:

Post a Comment