25.6.13

အင်းလေးကန်အား ဇီဝကြိုးဝိုင်း (Biosphere Reserve) အဖြစ် သတ်မှတ်ထိန်းသိမ်းရန် ယူနက်စကို စတင်လေ့လာ

အင်းလေးကန် တစ်နေရာအား မေလပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်းလေးကန်အား ဇီဝအ၀န်းကြိုးဝိုင်း (Biosphere Reserve) အဖြစ် သတ်မှတ် ၍ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းရန် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) မှ စတင်လေ့လာမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ဇီဝအ၀န်းကြိုးဝိုင်း (Biosphere Reserve) သည် ယူနက်စကို၏ Man and the Biosphere (MAB) Programme အရ နိုင်ငံအလိုက် အသိအမှတ်ပြု တည်ထောင်ထားသော ဒေသများဖြစ်ပြီး လူထု၏ ကြိုးပမ်းမှုပေါ်တွင် အခြေပြုကာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

''Biosphere Reserve ရဲ့ သဘောသဘာဝက ဇီဝထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ လူမှုရေး အနေနဲ့ ဒေသခံတွေရဲ့ လိုအပ်ချက်၊ အသက်မွေးဝမ်းကျောင်းနဲ့ ဆက်စပ်ရာကို ပူးပေါင်းဖြေရှင်းဖို့ ဖြစ် ပါ တယ်။ ဌာနတစ်ခုတည်း အနေနဲ့ မဟုတ်တော့ဘဲ ဆက်စပ်တဲ့ ဌာနတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ၊ အသုံးချသူတွေ၊ ဒေသခံတွေ၊ စေတနာ့ဝန်ထမ်းတွေပါဝင်ပြီးတော့ ဟန်ချက်ညီညီ ရေရှည် တည်တံ့အောင် ဆောင်ရွက်မယ့် သဘောပါ။ အခုတော့ ယူနက်စကိုက လေ့လာပြင်ဆင်နေပါ ပြီ'' ဟု အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးဦးစိန်ထွန်း ကပြောကြားသည်။ အင်းလေး ကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများထိန်းသိမ်းရေး ကော်မတီအစည်းအဝေး ကို ပြီးခဲ့သည့် ဇွန် ၁၃ ရက်က နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန တွင် ပြုလုပ်ခဲ့ရာ၌လည်း ယူနက်စကိုမှ ဇီဝအ၀န်းကြိုးဝိုင်း (Biosphere Reserve) ဖွဲ့စည်းရန် ဆောင် ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့သည်။ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေး မဲ့တောသည် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် အတွင်းရှိ ညောင်ရွှေမြို့နယ်၊ ပင်လောင်း မြို့နယ်နှင့် ဖယ်ခုံမြို့နယ် တို့အတွင်း တည်ရှိပြီး အာဆီယံ အမွေအနှစ် ဥယျာဉ်တစ်ခုလည်း ဖြစ်သည်။
အင်းလေးကန်သည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးအင်းအိုင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၅၀ တွင် တည်ရှိသည်။ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် အကျယ်အ၀န်းအားဖြင့် ၂၄၇ ဒသမ ၄၃၅ စတုရန်းမိုင် (၁၅၈၃၇၀ ဧက) ကျယ်ဝန်းသည်။ အဆိုပါ ဘေးမဲ့တောကို ၁၉၈၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အရှေ့တောင်အာရှရှိ အကြီးဆုံး ကုန်းတွင်း ရေတိမ်ဒေသများ၌ အပါအ၀င်ဖြစ် သည်။

မှတ်တမ်းတင်ထားရှိသည့် ဇီဝမျိုးစုံ မျိုးကွဲများ အနေဖြင့် နို့တိုက်သတ္တ၀ါ ၁၂ မျိုး၊ ငှက်မျိုးစိတ် ၂၈၇ မျိုး (ရေပျော်ငှက် ၈၆ မျိုး၊ ကုန်းငှက် ၂၀၁ မျိုး)၊ ငါးမျိုးစိတ် ၅၉ မျိုး (ဒေသရင်းမျိုး ၁၆ မျိုးအပါအ၀င်)၊ လိပ်ပြာ ၉၄ မျိုး၊ ကုန်းနေရေနေသတ္တ၀ါ ၂၅ မျိုး၊ လိပ် သုံးမျိုးရှိနေသည်။ အင်းလေးကန်သည် ယခုနှစ်များအတွင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများ ကြုံတွေ့နေရပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းနှင့် လူမှုစီးပွားရေးကို ယှဉ်တွဲဆောင်ရွက်နိုင်ရန် လိုအပ်နေသော ဒေသလည်းဖြစ်သည်။ Biosphere Reserve များသည် ဒေသခံလူထုနှင့် သဘာဝအကြား ဟန်ချက်ညီစွာ ဆောင်ရွက်မှုများမှ တစ်ဆင့် လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဇီဝမျိုးစုံမျိုးကွဲ စသည်တို့ ပြန်လည်သင့်မြတ် ဖွံ့ဖြိုးခြင်းကို ဖော်ဆောင်ပေးနိုင် မည် ဖြစ်သည်ဟု ယူနက်စကိုကဆိုထားသည်။ ယူနက်စကို၏ ၂၀၁၃ ခုနှစ်အတွက် အသစ်ထပ်မံသတ်မှတ် သည့် Biosphere Reserve များမှာ ကာဇက်စတန်၊ အိန္ဒိယ၊ ပြင်သစ်၊ အီကွေဒေါ၊ တောင်ကိုရီးယား၊ တရုတ်၊ အီတလီ၊ စပိန်တို့တွင် တည်ရှိသော သဘာဝနယ်မြေများ ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၁၇ နိုင်ငံတွင် Biosphere Reserve ပေါင်း ၆၂၁ ခု တည်ရှိနေသည်။

EMG

0 comments:

Post a Comment