25.6.13

သင်္ဘောမှောက်ပြီး ရေအောက်တွင် ၃ ရက်ကြာ ပိတ်မိခဲ့သူ အသက်ရှင်လွတ်မြောက်


   
သင်္ဘောမှောက်ရာမှ ရေအောက်ထဲနစ်မြုပ်သွားသူတစ်ဦးသည် ပိတ်မိနေသည့်အနေအထားတွင်(၃)ရက် ကြာအသက်ရှင်ပြီး လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။ အသက်(၂၉)နှစ်ရှိ ဟယ်ရီဆန်အိုကီနီက မိမိ ကိုယ်ကိုယ် သေလူအဖြစ်သတ်မှတ်ထားခဲ့ပြီးမှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ နိုက်ဂျီးရီး ယားနိုင်ငံသား ထမင်းချက်သည် မေလ (၂၆) ရက်နေ့က အတ္တလန္တစ်သမုဒ္ဒရာအတွင်း နိုက်ဂျီးရီးယားကမ်း လွန်တွင် Jascon-4 သင်္ဘောနစ်မြုပ်စဉ်က ရေအောက်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းသည် သင်္ဘောထဲတွင် ပိတ်မိနေပြီးမှာ မှောင်မည်းအေးခဲနေသော ရေထဲတွင်ရှိနေခဲ့ရာ စိတ်လျှော့ခါနီးအခြေအနေကျမှအမှောင်ကို
ဖောက်ထွင်းလာသည့် အလင်းရောင်တစ်ခုနှင့် ကယ်ဆယ်ရေးသမားများကို တွေ့ရှိခွင့် ရခဲ့ခြင်းဖြစ်သည်။ အိုကီနီသည် ရေအောက်နစ်သွားသည့် ဆီတင်သင်္ဘောထဲတွင် (၄)ပေအမြင့်မျှသာရှိသည့် လေဟာနယ်အ လွတ်နေရာလေးတစ်ခု၌ ဆက်လက်နထိုင်ခွင့်ရပြီး ကိုကာကိုလာဘူးများကိုဖောက်ကာသောက်သုံးအသက် ရှင်ခဲ့ရသည်။ နောက်အဆိုပါရေမျက်နှာပြင်သည် တဖြည်းဖြည်းမြင့်အပေါ်သို့ တက်လာရာ အိုကီနီအတွက်
မျှော်လင့်ချက်မဲ့ခါနီး အနေအထားကျမှ တောင်အာဖရိကကယ်ဆယ်ရေး ရေငုပ်သမားနှစ်ဦးက ၎င်းကိုတွေ့ ရှိနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်မူ ဆေးရုံမှဆင်းပြီး လန်းလန်းဆန်းဆန်း ဖြစ်လာသည့် အိုကီနီက ၎င်း၏ အထီးကျန် ခြောက်ခြားစရာ အတွေ့အကြုံများကို ဟြေပြခဲ့သည်။ "ရေထဲမှာပဲ ကျွန်တော်တယောက်တည်း
တောက်လျှောက်နေရတယ်။ လုံးဝမှောင်မည်းနေတာဗျ၊ ကျွန်တော့်အတွက် ဒါဟာနောက်ဆုံးပဲ လို့တွေးခဲ့မိ ပါတယ်။ ရေကတဖြည်းဖြည်း တက်လာနေတော့ တစ်ခန်းလုံးရေပြည့်သွားတဲ့ အချိန်ကျရင်ဆိုတာကိုမတွေး ဘဲမနေနိုင်ခဲ့ဘူး။ တတ်နိုင်သမျှတော့ ကျွန်တော်အဲဒီအတွေးကို မောင်းထုတ်နေခဲ့ရတယ်"ဟု အိုကီနီက ဆို သည်။ ၎င်းက "ကျွန်တော် အရမ်းဗိုက်ဆာတယ်၊ ပိုဆိုးတာက ရေငတ်တာပါ၊ ပင်လယ်ရေက ကျွန်တော့် လျှာက အရေပြာတွေကို တော်တော်ပွန်းသွားစေတယ်"ဟုလည်း ပြောကြားခဲ့သည်။
   ၎င်းသည်အိမ်သာထဲတွင်ရှိနေစဉ် သင်္ဘောတိမ်းမှောက်သွားသည်ကို ခံစားသိရှိခဲ့ပြီးနောက် သတ္တုတံခါး ကို တွန်းဖွင့်ထွက်လာခဲ့ရကြောင်းလည်း ရှင်းပြခဲ့သည်။အိုကီနီသည် ယခုအခါ၎င်း၏ ဇာတိမြို့ဖြစ်သော ဝါရီ သို့ပြန်ရောက်နေကာ Reuters သတင်းထောက်နှင့် လက်ခံစကားပြောဆိုခဲ့သည်။ "ကျွန်တော်ဒယိမ်းဒယိုင် နဲ့ထွက်ပေါက်ဆီ လာနေခဲ့ကြတယ်။ ကျွန်တော့်ရှေ့မှာ လူ(၃)ယောက်ရှိတယ်။ ရုတ်တရက်ရေလုံးကြီးတစ် ခုကအရှိန်နဲ့ ဆောင့်ထည့်လိုက်တာ သူတို့(၃)ယောက်လုံး လွင့်ထွက်သွားတယ်။ နောက်တော့ရေနဲ့အတူပါ သွားတယ်။ သူတို့အားလုံး သေကုန်ကြတယ်ဆိုတာ နောက်ပိုင်းကျမှ ကျွန်တော်သိလာပါတယ်"ဟုလည်း အိုကီနီကဆိုသည်။ခြောက်ခြားနေသောအိုကီနီသည် နောက်ထပ် (၂)ရက်ခွဲလုံးလုံးမှောင်နှင့်မည်းမည်းတွင် မိမိကို ကယ်ဆယ်ရေးသမားများက ရှာတွေ့ပါစေဟု တဖွဖွဆုတောင်းနေခဲ့ရရှာသည်။ အိုကီနီသည် (၄)ပေ ပတ်လည် အိမ်သာခန်းလေးထဲမှ အရာရှိကေဘင်ခန်းဘက် ရွှေ့ပြောင်းကာဝင်လာသော ရေများကိုလည်း လမ်းကြောင်းပြောင်း ဖယ်ရှားနိုင်ရန်ကြိုးစားခဲ့ရသည်။ ၎င်းသည်ဝိုးတဝါး အလင်းရောင်အောက်တွင်ရှိသော ငါးအသေကောင်များကို စမ်းမိခဲ့သော်လည်း မိမိအသက်ရှူနေနိုင်ဆဲရှိခြင်းကို အံ့ဩမိကြောင်းလည်း ဝန်ခံခဲ့ သည်။ ပင်လယ်ကြမ်းပြင်အောက် နစ်မြုပ်နေသောသင်္ဘောမှ အိုကီနီကိုကယ်ထုတ်နိုင်ချိန်တွင် ၎င်းသည် အတွင်းခံဘောင်းဘီလေးသာ ဝတ်ဆင်ထားသည်ကိုတွေ့ရသည်။ တဖြည်းဖြည်း ရေမြုပ်လာချိန်တွင် အိုကီ နီကသတ္တိမွေးပြီး အိမ်သာတံခါးကိုတွန်းဖွင့်ကာ အရာရှိခန်းဘက်သို့ ရေကူးလာခဲ့သည်။ ထို့နောက် မျက်နှာ ကျက်ပြားများကိုခွာကာ အအေးဒဏ်မှ လွတ်မြောက်စေရန်အတွက် ဖောင်ငယ်လေးတစ်ခုသဖွယ် 
ပြုလုပ်ဖွဲ့စည်းပြီး တက်ထိုင်နေခဲ့သည်။
   "အရမ်း၊ အရမ်းကိုအေးတယ်။ ပြီးတော့ မည်းမှောင်နေတာပဲ။ ကျွန်တော်ဘာမှမမြင်ရဘူး"ဟု ၎င်းက ဆို သည်။ "သင်္ဘောပေါ်က လူတွေရဲ့အလောင်းတွေက ကျွန်တော့်ဘေးနားမှာ ရှိနေမှန်းသိတယ်။ ကျွန်တော် အနံ့တွေရနေတယ်။ နောက်တော့ ငါးတွေက အဲဒီအလောင်းတွေကိုလာတွတ်တဲ့ အသံတွေပါ ကြားလာရမိ တယ်။ အင်မတန်ခာက်ခြားစရာကောင်းတယ်"ဟုလည်း အိုကီနီက ပြောကြားခဲ့သည်။ ၎င်းကလွတ်မြောက် လာသည့်အတွေ့အကြုံကိုလည်း ပြန်ပြောင်းပြောပြခဲ့သေးသည်။ "အဲဒီနေ့ကကျွန်တော်သင်္ဘောကိုယ်ထည် ကို တူနဲ့ထုနေတဲ့အသံကို ကြားလိုက်တယ်။ တဒုံးဒုံး မြည်နေတယ်၊ ကျွန်တော် အောက်ဘက်နည်းနည်းကို ကူးလိုက်တော့ ရေထုတ်ပေါက်တစ်ခုကိုတွေ့တယ်။ ကျွန်တော်ရေစစ်ကိုဆွဲလာပြီး သင်္ဘောကိုယ်ထည်ကို ထုတယ်။ တစ်ယောက်ယောက် ကြားမယ်ထင်လို့ပါ။ နောက်တော့ ရေငုပ်သမားတွေ သိသွားတယ်၊ သူတို့ ကျွန်တော့်အသံကိုကြားသွားတယ်။ရေငုပ်သမားတစ်ယောက် ရောက်လာပြီးတော့ ကျွန်တော်လက်ပြလိုက် တယ်။ သူ့ကြည့်ရတာ ကျွန်တော့်ကိုအသက်ရှင်လျှက်မြင်ရလို့ အင်မတန်အံ့ဩတုန်လှုပ်သွားပုံပဲ"ဟု အိုကီ နီ ကဆိုသည်။
   ရေငုပ်သမားများသည် အိုကီနီကိုအောက်စီဂျင်မျက်နှာဖုံးတစ်ခု တပ်ဆင်ပေးပြီး ရေငုပ်ဝတ်စုံနှင့်ခေါင်းစွပ် တို့ကိုပါ ဝတ်ဆင်စေသည်။ ထို့နောက် ရေအနက်မီတာ(၃၀)မှ ၎င်းကိုဘေးလွတ်ရာသို့ အောင်မြင်စွာခေါ်ယူ
ဆောင်နိုင်ခဲ့သည်။ ရေအောက်တွင် အိုကီနီသည် နာရီပေါင်း(၆၀)ကျော်မျှ ပိတ်မိနေခဲ့ကြောင်းလည်း သိရှိ လာသည်။ ကယ်ဆယ်ရေးများသည် အိုကီနီကို နောက်ထပ် နာရီ(၆၀)ကျော်ကြာအောင် ဖိအားထိန်းညှိ အခန်းထဲတွင်နေထိုင်စေပြီး ပတ်ဝန်းကျင် ဖိအားဒဏ်နှင့် လိုက်လျောညီထွေဖြစ်မှု သေချာအောင် ထားရှိခဲ့ သည်။ "တကယ်လို့ရုတ်တရက် ကျွန်တော်အပြင်ထွက်လိုက်ရင် ချက်ချင်းသေသွားနိုင်တယ်လို့ သူ တို့ ပြောတယ်ဗျ"ဟု အိုကီနီက ရှင်းပြခဲ့သည်။ အိုကီနီက မိမိ၏ အသက်ဘေးမှ လွတ်မြောက်မှုသည် အံ့ ဩဘနန်းဖြစ်စဉ်တစ်ခုဟု ဝန်ခံခဲ့သည်။ မည်သို့ပင်ဖြစ်စေ မိမိ၏ မှောင်မည်းအေးစက်နေသော ဖြတ်သန်းမှု
သည် ပင်လယ်ထဲနောက်တစ်ကြိမ် သွားရောက်ရမည်ကိုကြောက်ရွံ့စိတ် ဖြစ်သွားစေခဲ့ကြောင်းလည်း ၎င်း ကဖွင့်ဟခဲ့သည်။ "ကျွန်တော် အိမ်ပြန်ရောက်တော့ အိပ်ရာထဲဝင်အိပ်တာတောင် စိတ်ထဲမှာ ရေထဲနစ်သ လို ခြောက်ခြား ခံစားမိတယ်။ ကိုယ့်ကိုယ်ကိုယ် ပင်လယ်ထဲ ရောက်သွားသလိုပဲလေ။ ကျွန်တော် ခုန်ချပြီး အလန့်တကြား အော်မိတယ်"ဟု အိုကီနီက ခေါင်းတယမ်းယမ်းဖြင့် ပြောကြားခဲ့သည်။ ၎င်းက"အဲဒီအခန်း ထဲ ရေပြည့်မသွားအောင် ဘာကဘယ်လိုပိတ်ဆို့ တားဆီးထားတယ် ဆိုတာတော့ကျွန်တော်မသိဘူး။ ဒါပေ မဲ့ ကျွန်တော် ဘုရားသခင်ကိုတိုင်တည် ဆုတောင်းခဲ့တယ်။ သူလုပ်ပေးခဲ့တယ် ထင်ပါတယ်။ တကယ့်ကို အံ့ဩထူးခြားတဲ့ အခြေအနေမျိုး ဆိုပါတော့"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။

Source: BBC

0 comments:

Post a Comment