25.6.13

စက်စဲကမ်းခြေကို ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ရန် ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်စဲကမ်းခြေကို ဟိုတယ်ဇုန်အဖြစ် သတ်မှတ်နိုင်ရန် ရည်မှန်းဆောင်ရွက်နေကြောင်း မွန်ပြည်နယ်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက ပြောသည်။

''ရှိနေတဲ့ ဟိုတယ်တွေ အဆောက်အအုံတွေကို အဆင့်မီအောင် လုပ်ရမယ်'' ဟု စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဒေါက်တာ မင်းနွယ်စိုးက ဆိုသည်။

ဟိုတယ်ဇုန်များကို သတ်မှတ်ရာတွင် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ရန် သတ်မှတ်ထားပြီး ပထမအဆင့် အနေဖြင့် မော်လမြိုင်၊ ကင်းမွန်းစခန်းနှင့် မုတ္တမဟိုတယ်ဇုံတို့ ဆောင်ရွက်မည်ဟုလည်း သူက ဆိုသည်။

ဟိုတယ်ဇုန်များသတ်မှတ်ပြီး ဟိုတယ်လုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း လက်ရှိသဘာဝ အလှရှုခင်းများ မပျက်ဆီးသွားအောင်လည်း ထိန်းသိမ်းရန် လိုအပ်သည်ဟု ဆက်ပြောသည်။

၎င်းက ''ဥပမာ မုတ္တမဆိုရင် သံလွင်တံတားပေါ်ကနေ နေရာတော်တော်များများမြင်ရတယ်။ ဒီမြင်ကွင်းတွေ ပျက်သွားအောင် လုပ်လို့မရဘူး။ ပေးမလုပ်ဘူးပေါ့ဗျာ'' ဟု ရှင်းပြသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံခြားခရီးသွားများ ပိုမိုဝင်ရောက်လာမည့် ရည်မှန်းချက်ဖြင့် ၂ဝ၁၅ ခုနှစ် အမီမွန်ပြည်နယ်အတွင်း၌ ခေတ်မီဟိုတယ်ကြီးများ ပေါ်ပေါက်လာစေရန် ကြိုးပမ်းနေသည်။

ဟိုတယ်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အကောင်အထည်ဖော်လုပ်ရာတွင် နိုင်ငံခြားသား ဧည့်သည်များ စိတ်ဝင်စားမည့် ပြည်နယ်အတွင်းရှိ သဘာဝအလှ တောတောင်များနှင့် သာယာသည့် ကျိုက်ထီးရိုး၊ မုတ္တမတောင်ရိုးနှင့် ရှေးဟောင်းပြတိုက်များ၊ ကမ်းခြေများအစရှိသည်တို့ကို ဦးစားပေးသည်။
Ref: Mizzima

0 comments:

Post a Comment