24.6.13

အမေရိကန် ဒေါ်လာဈေး မြင့်တက်နေသော်လည်း ပြည်တွင်းဈေးကွက်အတွင်း ပဲမျိုးစုံဈေး ကျဆင်း

အိန္ဒိယ ဈေးကွက်အတွင်း ရူပီးငွေဈေး ဖောင်းပွကာ ၀ယ်လိုအား နည်းနေသောကြောင့် အမေရိကန် ဒေါ်လာဈေး မြင့်တက်နေသော်လည်း ပြည်တွင်းပဲဈေးကွက်အတွင်း ပဲမျိုးစုံဈေး ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ သိရသည်။

"အဓိကက အိန္ဒိယမှာ ရူပီးဖောင်းပွ နေတာရယ် အိန္ဒိယရဲ့ ၀ယ်လိုအား နည်းသွားတဲ့ အတွက်ကြောင့် ပြည်တွင်းဈေးကွက်မှာ ငွေလဲနှုန်း မြင့်နေပေမယ့် လတ်တလော အခြေအနေမှာ ပဲမျိုးစုံ ဈေးပြန်ကျတယ်။  အထူးသဖြင့် မတ်ပဲနဲ့ ပဲစဉ်းငုံဈေးတွေက ဇွန်လဆန်းပိုင်းကထက် ကျနေတယ်။ နောက်တစ်ချက်က သူတို့ဆီမှာ ဇွန်လထဲမှာ စိုက်ပျိုးတဲ့ ဧကနဲ့ ရာသီဥတု အနေအထားကို စောင့်ကြည့်နေတဲ့ အတွက်လည်း ၀ယ်လိုအား နည်းသွားတာပါ" ဟုလည်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

ပြည်တွင်းဈေးကွက်အတွင်း ဇွန်လဆန်းပိုင်း အတွင်းက မတ်ပဲတစ်တန်လျှင် ကျပ် ၅၅၀၀၀၀၊ ပဲစဉ်းငုံ တစ်တန်လျှင် ကျပ် ၆၄၀၀၀၀ နှင့် ကျပ် ၆၅၀၀၀၀ ကြား ရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း မတ်ပဲတစ်တန်လျှင် ကျပ် ၅၃၀၀၀၀၊ ပဲစဉ်းငုံ တစ်တန်လျှင် ကျပ် ၆၂၀၀၀၀ ဈေး ရှိနေကြောင်း သိရသည်။

အိန္ဒိယ ဈေးကွက်အတွင်း ဇွန်လဆန်းပိုင်း အတွင်းက တစ်ဒေါ်လာလျှင် ၅၆ ရူပီး ရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၅၉ နှင့် ၆၀ ရူပီးကြား ရှိနေကြောင်း၊ ဇွန်လ ၂၁ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၉၇၀ ကျပ်နှင့် ရောင်းဈေး ၉၇၅ ကျပ်ရှိခဲ့ကြောင်းလည်း သိရသည်။
ပြည်ပတင်ပို့မှု အနေဖြင့်လည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ ရက်မှ ဇွန် ၇ ရက်အထိ ပဲမျိုးစုံတန်ချိန် ၂၃၄၃၂၆ အထိ တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇၂ ဒသမ ၅၅၈ အထိ ရရှိခဲ့ကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကာလတူက ပဲမျိုးစုံတန်ချိန် ၃၅၉၃၉၉ အထိ တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၂၂၂ ဒသမ ၇၅၈ သန်းအထိ ရရှိခဲ့ရာ ယခုနှစ် ပဲမျိုးစုံ တင်ပို့မှုမှာ ယခင်နှစ် ကာလတူထက် ကျဆင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု အခြေအနေ
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် (၁-၄-၂၀၁၃ မှ ၇-၆-၂၀၁၃)
                                 တန်ချိန်            တန်ဖိုး(အမေရိကန်ဒေါ်လာ)
မတ်ပဲ                          ၈၃၄၇၅            ၅၃.၅၈၇
ပဲတီစိမ်း                       ၇၅၁၂၉            ၆၄.၈၀၆
ပဲစဉ်းငုံ                        ၄၀၈၂၅            ၂၉.၆၆၉
ပဲလွန်းဖြူ                       ၈၈၃၀              ၅.၈၉၃
မြေထောက်ပဲ                  ၄၆၀၀             ၄.၃၆၂

Ref: EMG





























0 comments:

Post a Comment