19.6.13

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် ကျန်ရှိ နေသေးသော တားမြစ် ကန့်သတ်ချက်များ အားလုံးကို ရုပ်သိမ်းပေးခဲ့

၁။ မြန်မာနိုင်ငံ၏ အဓမ္မစေခိုင်းမှု ပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ ၁၉၉၉ ခုနှစ်၊ (၈၇)ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ ညီလာခံနှင့် ၂ဝဝဝ ပြည့်နှစ်၊ (၈၈) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာ ညီလာခံတို့မှ မြန်မာနိုင်ငံ အပေါ် တားမြစ် ကန့်သတ်သော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါသည်။ ယင်းဆုံးဖြတ်ချက်များ အနက် (၈၇) ကြိမ်မြောက် ညီလာခံမှ ချမှတ်ခဲ့သည့် တားမြစ် ကန့်သတ်ချက်များ အားလုံးနှင့် (၈၈) ကြိမ်မြောက် ညီလာခံမှ ချမှတ်ခဲ့သည့် တားမြစ် ကန့်သတ်ချက် အချို့ကို ၂ဝ၁၂ ခုနှစ်၊ ဇွန်လတွင် ကျင်းပ ခဲ့သော (၁ဝ၁) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာ ညီလာခံမှ ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်ပါသည်။
၂။ ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့၌ ၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှ ၂ဝ ရက်နေ့အထိ ကျင်းပပြုလုပ် လျက်ရှိသည့် (၁ဝ၂) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာအလုပ်သမား ရေးရာ ညီလာခံ ကာလအ တွင်း Selection Committee အစည်းအဝေး များ၌ မြန်မာနိုင်ငံ အပေါ် ကျန်ရှိ နေသေးသည့် တားမြစ်ကန့်သတ်ချက် နှစ်ရပ်ဖြစ်သည့် (၈၈) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာ ညီလာခံမှ ချမှတ်ခဲ့သော ဆုံးဖြတ်ချက် အပိုဒ်ခွဲ (က)ပါ မြန်မာနိုင်ငံမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက် များအား လိုက်နာ အကောင်အထည် ဖော်မှုကို အလုပ်သမားရေးရာ ညီလာ ခံများတွင် Committee on the Application of Standards ၏ ဆွေးနွေးမှုများ အောက်၌ အထူး အစည်းအဝေး တစ်ရပ်ဖြင့် ဆွေးနွေး သွားရန်နှင့် အပိုဒ်ခွဲ (ခ)ပါ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် လိုအပ်သော သုံးသပ်မှုများ ပြုလုပ်ရန် အချက် (၂)ချက် အပေါ် ပြန်လည် သုံးသပ်၍ အသေးစိတ် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။
၃။ Selection Committee အစည်းအဝေး၏ ဆွေးနွေးမှု ရလဒ်များအရ (၁ဝ၂) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် ကျန် ရှိ နေသေးသော တားမြစ် ကန့်သတ်ချက်များ အားလုံးကို ရုပ်သိမ်းပေးရန် ဆုံးဖြတ်ချက် အဆို (မူကြမ်း) တစ်ရပ်ကို ညီလာခံ မျက်နှာစုံညီ အစည်းအဝေးသို့ ဆက်လက် တင်သွင်းခဲ့ရာ (၁၈ - ၆- ၂ဝ၁၃) ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄ဝ မိနစ် (မြန်မာ စံတော်ချိန် ၉ နာရီ ၁ဝ မိနစ်) အချိန်တွင် ညီလာခံ မျက်နှာစုံညီ အစည်းအဝေးမှ အတည်ပြု ချမှတ်ခဲ့ပါသည်။ ယင်းဆုံးဖြတ်ချက်ပါ အချက် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
( က ) ၂ဝဝဝ ပြည့်နှစ်၊ (၈၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှ ချမှတ်ခဲ့သည့် ဆုံးဖြတ် ချက် အပိုဒ်ခွဲ (က)ကို ရပ်ဆိုင်းရန် ဆုံးဖြတ်သည်။
( ခ) ၂ဝဝဝ ပြည့်နှစ်၊ (၈၈) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာ ညီလာခံမှ ချမှတ်ခဲ့သည့် ဆုံးဖြတ် ချက် အပိုဒ်ခွဲ (ခ)ကို ရပ်ဆိုင်းရန် ဆုံးဖြတ်သည်။
( ဂ) ၂ဝဝ၇ ခုနှစ်၊ နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာနှင့် ၂ဝ၁၂ ခုနှစ်၊ မတ်လ နားလည်မှု စာချွန်လွှာနှင့် ဆက်နွှယ် သည့် (၂ဝ၁၅) ခုနှစ်ခန့်တွင် ပုံစံမျိုးစုံဖြင့် အဓမ္မ စေခိုင်းမှု ပပျောက်စေရေး လုပ်ငန်း စီမံချက်များကို လူမှုရေး မိတ်ဖက် များ နှင့်အတူ ဆက်လက် အကောင်အထည် ဖော်ရန် အိုင်အယ်လ်အို ရုံးနှင့် မြန်မာနိုင်ငံ အစိုးရတို့ကို မေတ္တာ ရပ်ခံသည်။
(ဃ) အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် တာဝန်ရှိသော ရင်းနှီးမြှုပ်နှံမှုတို့ အပါအဝင် မြန်မာနိုင်ငံ၌ အိုင်အယ် လ်အို၏ ဆောင်ရွက်ချက်များကို အိုင်အယ်လ်အို အုပ်ချုပ်မှုအဖွဲ့မှ သုံးသပ် သွားနိုင်ရေးအတွက် အိုင်အယ်လ်အို ညွှန်ကြား ရေးမှူးချုပ်မှ မတ်လ အုပ်ချုပ်မှု အဖွဲ့ အစည်းအဝေးများသို့ အစီရင်ခံစာ တစ်စောင်ကို မြန်မာနိုင်ငံတွင် အဓမ္မ စေခိုင်းမှု ပပျောက်သည့် အချိန်ထိ တင်သွင်းသွားရန် ဖိတ်ခေါ်သည်။
( င) မြန်မာနိုင်ငံ၌ အဓမ္မ စေခိုင်းမှု ပပျောက်ရေးနှင့် လူမှုရေး ညီညွတ်မျှတမှု ပိုမိုဖြစ်ထွန်းရေး အတွက် အိုင်အယ်လ် အို၏ အကူအညီဖြင့် မြန်မာနိုင်ငံ အစိုးရ၏ ကြိုးပမ်း အားထုတ်မှုများ အ တွက် ငွေကြေး အထောက်အပံ့နှင့်  လိုအပ်သည့် အကူ အညီများကို အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများ အပါအဝင် အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်တို့ဖြင့် ဖွဲ့စည်းထားသည့် အိုင် အယ်လ်အို အဖွဲ့ဝင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ပံ့ပိုးပေးကြရန် တိုက်တွန်းသည်။
( စ) အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများ အပါအဝင် အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်တို့ဖြင့် ဖွဲ့စည်းထားသည့် အိုင်အယ်လ်အို အဖွဲ့ဝင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ မြန်မာနိုင် ငံအ တွင်း အဓမ္မ စေခိုင်းမှုနှင့် ဆက်စပ် သည့် မည်သည့်သတင်း အချက်အလက်ကို မဆို အနီးကပ် စောင့်ကြည့်၍ အိုင်အယ်လ်အိုသို့ အသိပေးရန် မေတ္တာရပ်ခံသည်။
၎။ ယခုကဲ့သို့ ကျန်ရှိနေသည့်  တားမြစ် ကန့်သတ်ချက်များကို ရုပ်သိမ်းနိုင်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ အနေဖြင့် အဓမ္မ စေခိုင်းမှု ပပျောက်ရေးအတွက် ဥပဒေပြုခြင်းများ အပါအဝင် ထိရောက်သော လက်တွေ့ ဆောင်ရွက်မှု များနှင့် ရလဒ် များ ပေါ်ထွက်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ဤဆောင်ရွက်ချက်များကို အိုင်အယ်လ်အိုရုံး အပါအဝင် အစိုးရ၊  အလုပ် သမားနှင့် အလုပ်ရှင်တို့ဖြင့် ဖွဲ့စည်း ထားသည့် အိုင်အယ်လ်အိုအဖွဲ့ဝင်များကလည်းကောင်း၊ နိုင်ငံတကာအသိုက်အဝန်းက လည်းကောင်း ကောင်းစွာသိရှိ အသိအမှတ်ပြုလာသောကြောင့် ဤသို့ရလဒ် ကောင်းများ ပေါ်ထွက် လာခြင်းဖြစ်ပါသည်။
၅။ (၁ဝ၂) ကြိမ်မြောက်  အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူ လုံရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့အနေဖြင့် လည်းကောင်း၊ မြန်မာအမြဲ တမ်း ကိုယ်စားလှယ် အဖွဲ့ရုံး၊ ဂျီနီဗာမြို့ အနေဖြင့်လည်းကောင်း၊ မြန်မာကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်ဖွဲ့စည်းထား သည့် အလုပ်သမား၊ အလုပ်ရှင် ကိုယ်စားလှယ် များအနေဖြင့် လည်းကောင်း မြန်မာနိုင်ငံနှင့် ပြည်သူများ၏ အကျိုး၊ မြန်မာ အလုပ် သမားများ၏ အကျိုးအတွက် ညီညွတ်စွာဖြင့် ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ်ဖြစ်ပါသည်။
၆။ ယခုကဲ့သို့ မြန်မာနိုင်ငံအပေါ်  အိုင်အယ်လ်အိုမှ ချမှတ်ထားသည့် ကျန်ရှိနေသေးသော တားမြစ် ကန့်သတ်ချက်များကို အပြီးတိုင် ရုပ်သိမ်းနိုင်ခဲ့သည့် အတွက် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတ ကာနှင့် ကုန်သွယ်မှုများကို တိုးတက်ပြုလုပ် လာနိုင်ရေး အတွက်လည်းကောင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများ တိုးတက် ရရှိလာ စေရေးအတွက် လည်းကောင်း၊ မြန်မာနိုင်ငံသားများ အလုပ်အကိုင် အခွင့် အလမ်းတိုးတက် ရရှိနိုင်ရေးအတွက် လည်းကောင်း ပိုမို အထောက်အကူ ဖြစ်လာ စေနိုင်မည် ဖြစ်သည်။
Ref:myawady

0 comments:

Post a Comment