19.6.13

နိုင်ငံခြားငွေလက်မှတ် (FEC) လက်ဝယ်ရှိသူများနှင့် ပိုင်ဆိုင်သူများ သတ်မှတ်ကာလအတွင်း အပ်နှံ/ လဲလှယ်ကြရန် ထပ်မံအသိပေးကြေညာ

 နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံခြားငွေဈေးကွက် စနစ်တကျ တိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်လျက်ရှိသည့် အစီအမံများအရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂ဝ၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စ၍ နိုင်ငံခြားငွေ လက်မှတ်များ (Foreign Exchange Certificate-FEC) များကို စနစ်တကျ ပြန်လည် ရွေးနုတ်လျက် ရှိသည်။  နိုင်ငံခြားငွေ လက်မှတ်များ ပြန်လည် ရွေးနုတ်ယူသည့် အစီအစဉ်ကို ၂၁-၃-၂ဝ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြေညာချက် အမှတ် (၁/၂ဝ၁၃) ထုတ်ပြန်ပြီး အများပြည်သူသို့ ရုပ်/သံနှင့် ပုံနှိပ်မီဒီယာများမှ တစ်ဆင့် အသိပေးကြေညာခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် Website တွင် ဖော်ပြကြေညာခြင်း၊ ၃၁-၃-၂ဝ၁၃ ရက်နေ့တွင် နိုင်ငံခြားငွေ လက်မှတ် ပြန်လည် ရွေးနုတ်ယူခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်သည့် ဘဏ်၊ ဘဏ်ခွဲများ ငွေလဲကောင်တာများ စုစုပေါင်း ၃၈၅ နေရာ၏ စာရင်းနှင့် ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများကို ဖော်ပြပါ မီဒီယာများနှင့် Website တွင် ဖော်ပြကြေညာခြင်း စသည့် လုပ်ငန်းစဉ်များဖြင့် နိုင်ငံခြားငွေ လက်မှတ် လက်ဝယ်ထားရှိသူနှင့် ပိုင်ဆိုင်သူများ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် အသေးစိတ် စီစဉ် အကောင်အထည် ဖော်ခဲ့ပါသည်။  နိုင်ငံခြားငွေလက်မှတ် ပြန်လည် ရွေးနုတ်ယူခြင်းကို ကနဦး သတ်မှတ် ကာလဖြစ်သည့် ၁-၄-၂ဝ၁၃ ရက်နေ့မှ ၃ဝ-၆-၂ဝ၁၃ ရက်နေ့အထိ ကာလအတွင်း သက်ဆိုင်ရာ ဘဏ်၊ ဘဏ်ခွဲ၊ ငွေလဲကောင်တာများတွင် ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ကနဦး သတ်မှတ်ကာလ မကုန်ဆုံးမီ လာရောက် ဆောင်ရွက်ပါရန်နှင့် ကနဦး သတ်မှတ် ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် အပ်နှံ/လဲလှယ်ခြင်း မဆောင်ရွက်နိုင်သူများသည် ကနဦး သတ်မှတ် ကာလအတွင်း မဆောင်ရွက်နိုင်ခြင်း အတွက် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြား သုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ရရှိသည့် နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များတွင် ၁-၇-၂ဝ၁၃ ရက်နေ့မှ ၃၁-၃-၂ဝ၁၄ ရက်နေ့အထိ နိုင်ငံခြားငွေ လက်မှတ်များ အပ်နှံ/လဲလှယ်ရန်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ 
Ref: khitlunge

0 comments:

Post a Comment