25.7.13

ရွှေနန်းတော်ကျောင်းပြုပြင်ရေး ၂ နှစ်အတွင်း ကန်ဒေါ်လာငါးသိန်း သုံးစွဲမည်

မန္တလေးတောင်ခြေရှိ နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိသော ရွှေနန်းတော်ကျောင်း ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေး စီမံကိန်း ၂ နှစ်ကာလအတွင်း အမေရိကန် ပြည်ထောင်စု Ambassador Fund for the Cultural Preservation က ရန်ပုံငွေ အမေရိကန်ဒေါ်လာ ငါးသိန်းခန့် သုံးစွဲသွားရန် လျာထားကြောင်း အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်က ဇူလိုင်လ ၂၅ရက်နေ့တွင် မန္တလေးမြို့တော်၌ ကျင်းပသည့် အဆိုပါ ကိစ္စရပ်ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။


အဆိုပါ စီမံကိန်းတွင် အမေရိကန် ပြည်ထောင်စုမှ ကျွမ်းကျင်ပညာရှင် များနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာမှ ကျွမ်းကျင် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

"တခြား ရှေးဟောင်းအဆောက်အအုံတွေ ရှိရဲ့နဲ့ ရွှေကျောင်းကိုမှ ဘာလို့ ရွေးတာလဲလို့ ကျွန်တော်တို့ အမေရိကန် သံရုံးကို မေးခွန်းထုတ်ခဲ့ဖူးတယ်။ မြို့ကြီးမှာ ရှိတာရယ်၊ သွားလာရေးလွယ်ကူပြီး မြင်သာတာကြောင့် လို့ပြောတယ်" ဟု ဒုတိယဝန်ကြီး ဦးသန်းဆွေက ဆိုသည်။

အဆိုပါ ရှေးမူမပျက် ထိန်းသိမ်းရေး အတွက် ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ မန္တလေး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူး သုံးဦးနှင့် ဒုတိယဝန်ကြီးတို့က စဉ်ဆက်မပြတ် စောင့်ကြည့်ကာ ထိန်းသိမ်းစောင့်ရှောက် သွားရန် စီစဉ်ထားကြောင်း ဦးသန်းဆွေက ထပ်လောင်း ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုက ရွှေနန်းတော် ထိန်းသိမ်းရေးအတွက် ရန်ပုံငွေ ကူညီ ထောက်ပံ့ပေးသကဲ့သို့ အခြားသော နိုင်ငံများက ကမ်းလှမ်းလာပါက ဆက်လက် လက်ခံရန် စဉ်းစားသွားမည် ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောဝတ်ဘုရား ကျောင်း ထိန်းသိမ်းရေး အတွက်လည်း နိုင်ငံပေါင်း ၂၂ နိုင်ငံက ကူညီပေးကြကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

မန္တလေး အမျိုးသားကဇာတ်ရုံ၌ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၉နာရီ မိနစ် ၃၀ ခန့်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်နှင့် ဝန်ကြီးများ၊ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဦးဖုန်းဇော်ဟန်၊ အမေရိကန် သံအမတ်ကြီးနှင့် အဖွဲ့ဝင်များ၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာဗိသုကာ ပညာရှင်များက ပဏာမ ဆွေးနွေးခဲ့ကြပြီး နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် ရွှေနန်းတောင်ကျောင်း၌ ဆက်လက် ဆွေးနွေးခဲ့ကြသည်။

ရွှေနန်းတော်ကျောင်းကြီးသည် ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးရန် အပျက်အစီးမှ ကင်းလွတ်ခဲ့သော မူလလက်ရာ နန်းတော်ဆောင် သာသနိက အဆောက်အအုံ တစ်ခုဖြစ်သည်။ မင်းတုန်းမင်းတရားကြီး နတ်ရွာစံပြီးနောက် ထီးနန်းဆက်ခံခဲ့သော သီပေါမင်းသည် မင်းတရားကြီး နတ်ရွာစံ ခဲ့သည့် နန်းဆောင်နှင့် စနုဆောင်ကို ၁၈၇၈ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ဖြုတ်သိမ်းခဲ့သည်။

ယခုနေရာတွင် ဘုန်းကြီးကျောင်း အဖြစ် ပြောင်းရွှေ့တည်ဆောက်ခဲ့ရာ ၁၈၈၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ထိုခေတ်ငွေဒင်္ဂါး ၁၂၀,၀၀၀ ကျပ်ခန့် ကုန်ကျခဲ့သည်။

The Voice Weekly

0 comments:

Post a Comment