25.7.13

ပုံရိပ်ပြတ်သားမှု အကောင်းဆုံး Nexus 7 Tablet ကို Google စတင်မိတ် ဆက်

(၇)လက်မ အကျယ်ရှိသော Display Screen၏ Resolution အရည်အသွေးသည် 1980x1200ထိ ရှိနေရာ လက်ရှိထုတ်လုပ် ရောင်းချထားသည့် Tabletအားလုံးအနက် အကောင်းဆုံးဟု ဆိုနိုင်မည် ဖြစ်သည်။


Googleသည် လက်ရှိ ဈေးကွက်ထဲတွင် Display Resoultion အရည်အသွေး အကောင်းဆုံး Tabletအဖြစ် ရပ်တည်မည့် Nexus 7ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ Nexus 7ကို Google၏ Hardwareမိတ်ဖက် Asusက တာဝန်ယူ ဖန်တီးပြီး Google၏ Android 4.3 OSဖြင့် မောင်းနှင်မည်ဟု သိရသည်။ (၇)လက်မ အကျယ်ရှိသော Display Screen၏ Resolution အရည်အသွေးသည် 1980x1200ထိ ရှိနေရာ လက်ရှိထုတ်လုပ် ရောင်းချထားသည့် Tabletအားလုံးအနက် အကောင်းဆုံးဟု ဆိုနိုင်မည် ဖြစ်သည်။

Google၏ Tabletအသစ်သည် Apple၏ iPad Miniအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုများလည်း ထွက်ပေါ်နေသည်။ ယခင်မျိုးဆက် Nexus 7သည် နောက်ဘက် ကင်မရာ မပါသော်လည်း ယခုဒုတိယ မျိုးဆက်တွင်မူ 5megapixel ကင်မရာ ပါဝင်လာပြီ ဖြစ်သည်။ Video Chatအတွက် ရှေ့ဘက်တွင်လည်း 1.2megapixel ကင်မရာကို တပ်ဆင် ပေးထားပေးသည်။ ယခင် Nexus 7ထက် ပိုမိုမြန်နှုန်းမြင့်သည့် 1.5 GHz Qualcomm Snapdragon Processorကို CPUအဖြစ် အသုံးပြုကာ Memoryပမာဏ 2GBဖြင့် ထောက်ပံ့ပေးထားသည်။ ထို့ကြောင့် စွမ်းဆောင်ရည်ပိုင်းတွင် ယခင်Nexus 7ထက် သိသိသာသာ မြင့်မားသွားပြီ ဖြစ်သည်။

ဒီဇိုင်းပိုင်းတွင်လည်း ကိုယ်ထည်မှာ အလွန်ပါးလွှာပြီး အထူမှာ (၉)မီလီမီတာပင် မပြည့်ချေ။ အလေးချိန်သည်လည်း ယခင်Nexus 7ထက် လျော့သွားပြီး (၂၉၀)ဂရမ်သာ ရှိတော့သည်။ ဘက်ထရီသက်တမ်း (၁၀)နာရီခံမည်ဟု ကြေညာထားသည့် Tabletကို သိုလှောင်မှု ပမာဏ 16GB၊ 32GBနှင့် 64GBဟု (၃)မျိုး ခွဲခြား ထုတ်လုပ်မည်ဖြစ်ပြီး ဈေးနှုန်းကိုလည်း ခွဲခြား သတ်မှတ်ထားသည်။ 16GB Wi-Fi မော်ဒယ်လ်အတွက် (၂၂၉)ဒေါ်လာ၊ 32GB Wi-Fi မော်ဒယ်လ်အတွက် (၂၆၉)ဒေါ်လာနှင့် 64GB LTE မော်ဒယ်လ်အတွက် (၃၄၉)ဒေါ်လာ ကျသင့်မည်ဟု သိရသည်။

အဆိုပါ အမျိုးအစား (၃)ခုလုံးကို အမေရိကန်တွင် ဇူလိုင်လ (၃၀)ရက်နေ့၌ စတင်ရောင်းချမည်ဖြစ်ပြီး နောက်ထပ် သီတင်းပတ် အနည်းငယ်အတွင်း ဥရောပ ဈေးကွက်တွင် ဖြန့်ဝေမည်ဟု သိရှိရသည်။ Google၏ အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဆန်းဒါးပီချီအိုင်းက "(၂၀၁၃)မှာ Tabletတွေကို ရွေးချယ်ဝယ်ယူမှုက PCကွန်ပျူတာတွေကို ဝယ်ယူတာထက် ပိုများလာပါတယ်။ ဒီအချက်က အံ့ဩစရာပဲလေဟု မှတ်ချက်ပြုခဲ့သည်။

၎င်းက (၂၀၁၂)ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ Tabletအလုံးရေ (၁၀)သန်းလောက် ရောင်းရတယ်။ ဒါပေမဲ့ ခုနှစ်ထဲမှာ အလုံး သန်း(၇၀)လောက် ရောင်းရပြီးပြီ။ နောက်တစ်ချက်က ကမ္ဘာပေါ်မှာ ရောင်းရတဲ့ Tabletတွေမှာ ထက်ဝက်လောက်က Android OSကို သုံးထားတယ်ဟုလည်း ပြောကြားခဲ့သည်။

Googleသည် ဆန်ဖရန်ဆစ္စကိုတွင် Nexus 7 ဒုတိယမျိုးဆက်ကို တရားဝင် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ Google၏ ထုတ်ကုန်သစ်သည် ဈေးနှုန်းအားဖြင့်လည်း ဆွဲဆောင်မှုရှိသည့် အနေအထားမျိုး ဖြစ်နေသည်။ Googleမှ ဟူဂိုဘာရားက "Nexus 7ရဲ့ ပထမဆုံး ထုတ်လုပ်မှုက အောင်မြင်ခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့က ပိုကောင်းတဲ့ မွမ်းမံမှုတွေနဲ့ နောက်တစ်ဆင့် တက်လာတာပါ။ ဒုတိယ Nexus 7မှာလည်း ကျွန်တော်တို့ဟာ မပြောင်းလဲတဲ့ ရည်ရွယ်ချက်ကိုပဲ စူးစိုက်ခဲ့တယ်။ ဈေးနှုန်း သင့်တင့်ရမယ်၊ စွမ်းဆောင်ရည် ကောင်းမွန်ရမယ် ဆိုတာပါ"ဟု ဆိုသည်။ Nexus 7သည် Google၏ အဆင့်မြှင့်ထားသည့် Android OS Version 4.3ကို အသုံးပြုထားသည့် ပထမဆုံး Tabletလည်း ဖြစ်လာသည်။

Tabletများကို ကလေးများ ယူဆောင် ဆော့ကစားသည့်အခါ Onlineမှ မှားယွင်းဝယ်ယူမှုများ ဖြစ်တတ်သည်ကို ကာကွယ်ရန်လည်း Nexus 7တွင် အလေးထား လုပ်ဆောင်ထားကြောင်း ဘာရားက ပြောကြားခဲ့သည်။ Multiuser စနစ်အရ မိဘတွေက ကိုယ့်သားသမီးတွေကို Appတွေ မှားဝယ်တာမျိုး မလုပ်နိုင်အောင် ကန့်သတ်နိုင်ပါတယ်ဟု ၎င်းက ရှင်းပြခဲ့သည်။ Googleသည် Resolution မြင့်မားသည့် ဗီဒီယိုဖိုင်များ Download ရယူခွင့်အတွက် Netflixနှင့်လည်း ပူးပေါင်းထားသည်။ ထို့အပြင် iPad Miniကို ယှဉ်ပြိုင်ရန်အတွက် Google Play Gamesဆိုသော Appတစ်ခုကိုပါ ထည့်သွင်းလာခဲ့သည်။ Googleသည် ပထမမျိုးဆက် Nexus 7တွင် နောက်ဘက် ကင်မရာ မပါသဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ကြုံခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင် ယင်းအားနည်းချက်ကို ဖာထေးနိုင်ခဲ့သည်။

Planet.com.mm

0 comments:

Post a Comment