7.7.13

လစာအပြည့်အ၀ မရသော်လည်း ထိုင်းသို့သွားရောက် အလုပ်လုပ်သည့်နှုန်း နှစ်ဆနီးပါး မြင့်တက်



ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ရန် အလုပ်ရှင် အလုပ်သမား စာချုပ်ချုပ်ဆိုပွဲတွင် ထိုင်းသို့သွားရောက် မည့် မြန်မာလုပ်သား လက်မှတ်ထိုးနေစဉ် 

လုပ်ခလစာ အပြည့်အ၀ မရရှိသော်လည်း ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ သွားရောက်အလုပ် လုပ် ကိုင်မှုနှုန်းမှာ ယခင်ကထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ များထံမှ သိရသည်။ 

ထိုင်းနိုင်ငံတွင် ယခင်က တစ်လလျှင် မြန်မာအလုပ်သမား ၃၀၀၀ ကျော်သာ ခေါ်ယူသော်လည်း ယခုအခါ တွင် တစ်လလျှင် မြန်မာအလုပ်သမား ၅၀၀၀ ကျော်အထိ ခေါ်ယူလျက်ရှိကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ အဖွဲ့ချုပ်မှ သိရသည်။ ထိုင်းနိုင်ငံတွင် အနည်းဆုံး လုပ်ခလစာအဖြစ် တစ်ရက်လျှင် ဘတ် ၃၀၀ သတ်မှတ်ထားသော်လည်း ထိုင်းနိုင်ငံ၏ မြို့ကြီးများတွင် အလုပ်လုပ်ကိုင်သော မြန်မာအလုပ်သမားများ သာ တစ်နေ့လုပ်ခလစာ ဘတ် ၃၀၀ ရရှိပြီး နယ်မြို့များတွင်အလုပ်လုပ်ကိုင်သူများမှာ တစ်ရက်လုပ်ခလစာ ဘတ် ၂၀၀ ကျော်သာ ရရှိကြောင်း သိရသည်။ 

"ဒီမှာ ဘတ် ၃၀၀ ရမယ် ဆိုတာကိုသိပြီး အလုပ်သွားလုပ်ကြတယ်။ ဟိုရောက်လို့ ဘတ် ၃၀၀ မရတဲ့အခါ ပြဿနာတွေ ဖြစ်တယ်။ နောက်ပြီး ထိုင်းကလုပ်ငန်းရှင်က အလုပ်သမားတွေအတွက် ဆေးစစ်ခတွေ၊ Calling Visa ရဖို့အတွက်လုပ်ရတာတွေ Transportation Charges တွေအတွက် ထိုင်းဘတ်ငွေ တစ် သောင်း စိုက်ပေးထားရတယ်။ အဲ့ဒီအတွက် အလုပ်သမားတွေရဲ့ လစာထဲက တစ်လကို ဘတ် ၁၀၀၀ နှုန်း ပြန်ဖြတ်တယ်။ အဲဒီမှာ အလုပ်ရှင်တွေက ၁၀ လပဲ ဖြတ်ရမှာကို တစ်နှစ်နဲ့ နှစ်လ၊ သုံးလအထိ ဖြတ်ကြ တယ်။ ဒီတော့ အလုပ်သမားတွေက အလုပ်သမား ၀န်ကြီးဌာန ပြည်ပအလုပ်အကိုင် အေဂျင်စီ အဖွဲ့ချုပ်နဲ့ အင်န်ဂျီအိုတွေကို တိုင်ကြတယ်" ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးမင်းလှိုင်က ပြော ကြားခဲ့သည်။ 

ချစ်စရာကမ္ဘာ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ မချိုချိုစန်းက "အစ်မတို့ ကုမ္ပဏီ အနေနဲ့ ဇွန် ၂၇ ရက်က ထိုင်းကိုအလုပ်သမား ၂၀၀ ပို့ခဲ့တယ်။ ဇူလိုင် ၅ ရက်မှာတော့ ထိုင်းနိုင်ငံ က စက်ရုံတွေမှာ အလုပ်လုပ်ကိုင် နေကြပါပြီ။ အစ်မတို့ကတော့ မြ၀တီမှာ အလုပ်သမားတွေ သောင်တင် နေတာမျိုး မဖြစ်အောင် ထိုင်းနိုင်ငံက အေဂျင်စီနဲ့ ဒီမှာတိုက်ရိုက် စာချုပ်ချုပ်ပြီးမှ ပို့တယ်။ ဒီလထဲမှာ နောက်ထပ်အယောက် ၈၀ ထပ်ပို့မယ်။ ပို့တဲ့အလုပ်သမား အများစုက ဘန်ကောက်မှာပဲ အလုပ်လုပ်ရ တာပါ။ တစ်နေ့ အလုပ်ချိန် ရှစ်နာရီမှာ လုပ်ခလစာ ဘတ် ၃၀၀ ရပါတယ်" ဟုဆိုသည်။ 

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်ကြသော မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံတောင်ပိုင်း တွင် ဆောက်လုပ်ရေး လုပ်ငန်းကို အများဆုံး လုပ်ကိုင်ရပြီး အခြားဒေသများတွင်မှု အအေးခန်း၊ စက်ရုံ၊ အထည်ချုပ် စသည့်လုပ်ငန်းများတွင် လုပ်ကိုင်နေကြကြောင်း သိရသည်။




EMG

0 comments:

Post a Comment