7.7.13

အထူးစီးပွားရေး ဇုန်များတွင် ရေချိုရရှိရေး စီမံကိန်းအရ သီလ၀ါ အထူးစီးပွားရေးဇုန်၌ ပဲခူးမြစ်မှ ရေချိုရယူရန် လေ့လာမှုများ စတင်



သီလ၀ါဆိပ်ကမ်း ဧရိယာ အတွင်းရှိ မြေကွက်များကို ဇွန်လဆန်းပိုင်း အတွင်းက တွေ့ရစဉ် 

အထူးစီးပွားရေး ဇုန်များတွင် ရေချိုရရှိရေး စီမံကိန်းအရ သီလ၀ါ အထူးစီးပွားရေးဇုန်၌ ပဲခူးမြစ်မှ ရေချိုရယူ ရန်လေ့လာမှုများ စတင်ပြုလုပ်လျက်ရှိကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ သတင်းရရှိသည်။ 

မြန်မာနိုင်ငံတွင် တည်ထောင်လုပ်ကိုင်မည့် အထူးစီးပွားရေး ဇုန်များဖြစ်သော သီလ၀ါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေး ဇုန်များတွင် ရေချိုများ လုံလောက်စွာ ရရှိစေရန် ရေအရင်းအမြစ်များ ဖော်ထုတ် နိုင်ရန် လေ့လာမှုများကို မြန်မာနိုင်ငံ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ သီလ၀ါဒေသတွင် အကောင်အထည်ဖော်မည့် သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ပဲခူးမြစ်မှ ရေချိုလုံလောက်စွာရရှိရန် ပဏာမ အဆင့်လေ့လာနိုင်ရန် တိုင်းတာမှုများအား စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

သီလ၀ါ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေချိုလုံလောက်စွာ ရရှိနိုင်မည့် ပင်မရင်းမြစ်မှာ ပဲခူးမြစ်ဖြစ် ကြောင်း သိရသည်။ ပဲခူးမြစ်သည် ပဲခူးရိုးမမှ မြစ်ဖျားခံ စီးဆင်းလာခြင်းဖြစ်ပြီး၊ ဧရိယာအားဖြင့် စတုရန်း ကီလိုမီတာ ၅၀၀၀ ခန့်ရှိကြောင်း သိရသည်။ သီလ၀ါ အထူးစီးပွားရေး ဇုန်အတွက် ပဲခူးမြစ်မှ ရေချိုရရှိရန် ပဲခူးမြစ်ပေါ်ရှိ သန်လျင်တံတား အမှတ် ၂ ၏ အထက်ဘက်တွင် ဆားငန်ရေတားတံမံ တည်ဆောက်၍ သီလ၀ါ အထူးစီးပွားရေးဇုန်သို့ ရေချိုပေးပို့ သွားမည်ဖြစ်သည်။ 

"ပဲခူးမြစ်က ဒီရေသက်ရောက်မှု ရှိတဲ့မြစ် ဖြစ်တဲ့အတွက် နွေရာသီမှာ ရေငန်ဝင်တတ်တယ်။ ဒါကြောင့်မို့ ရေငန်မတက်အောင် တားပြီးမှ ရေချိုတွေကို သိုလှောင်မယ်။ ပြီးရင် မြစ်ရေသန့်စင်စက်ရုံကို တည်ဆောက် ပြီး သီလ၀ါ စက်မှုဇုန်ကို ရေချိုဖြန့်ဝေ သွားမှာပါ" ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောပြခဲ့သည်။ သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ပဲခူးမြစ်မှ ရေချိုရရှိအသုံးပြုရန်မှာ စက်မှုဇုန်များဖော်ထုတ်ပြီး အနာဂတ်ကာလတွင် ရေချိုလုံလောက်စွာ ရရှိအသုံးပြု နိုင်ရန်ဖြစ်ပြီး၊ စက်မှုဇုန် စတင်တည်ထောင်မည့် ကာလတွင်မူ အ၀ီစိတွင်းရေနှင့် ဆည်ရေများမှ ရေချိုများ ရယူအသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။ 

ပဲခူးမြစ်တစ်လျှောက် သန်လျင်တံတား အမှတ် ၁ မှ ဒါးပိန်မြို့နယ်အထိ ကုန်းပိုင်းနှင့် ရေပိုင်းတိုင်းတာရေး လုပ်ငန်းများကို ၂၀၁၃ ခုနှစ်၊ ဇွန်လကုန်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ "ဒါးပိန်ကနေ ပဲခူးအထိက ကျွန်တော်တို့ ဌာနက တိုင်းတာပြီးသား ဖြစ်တဲ့အတွက် သန်လျင်တံတားကနေ ဒါးပိန်အထိပဲ တိုင်းတာမှုတွေ ပြုလုပ်သွားမှာပါ" ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောကြားသည်။ သန်လျင်တံတား အမှတ် ၂ မှ ဒါးပိန်မြို့နယ်အထိ ကုန်းပိုင်းတိုင်းတာရေး လုပ်ငန်းများကို Sun Tax ကုမ္ပဏီမှ ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး၊ ကုန်းပိုင်းနှင့် ရေပိုင်းတိုင်းတာရေး လုပ်ငန်းများအတွက် ကုန်ကျစရိတ်များကို My Association ကုမ္ပဏီမှ ကျခံမည် ဖြစ်ကြောင်း သိရသည်။ 

သီလ၀ါ အထူးစီးပွားရေး ဇုန်အတွက် ရေချိုလုံလောက်စွာ ရရှိနိုင်ရန် ဆည်မြောင်းဦးစီးဌာနမှလည်း ဇာမဏီဆည်နှင့် ကိုလူဝဲဆည်များ စတင်တည်ဆောက် နေပြီဖြစ်ကြောင်း သိရသည်။ 


EMG 

0 comments:

Post a Comment