7.7.13

ကသည်းသူပုန်များက ကုန်သည်များအား ဆက်ကြေးတောင်းခံလာပြီးနောက် နန်းဖာလုံဈေးတွင် ဆိုင်ခန်းများ ပိတ်ထားရ



နန်းဖာလုံဈေးအတွင်း ဆိုင်ခန်းများ ပိတ်ထားသည်ကို ဇွန် ၅ ရက်က တွေ့ရစဉ် 

အိန္ဒိယနိုင်ငံကို အဓိကအားထား ဈေးရောင်းချရသည့် နန်းဖာလုံဈေးတွင် မိမိတို့၏ ဖောက်သည်ကုန်သည် များအား ကသည်းသူပုန်များက ဆက်ကြေးတောင်းခံရမှုများ ရှိလာခဲ့ပြီး နောက်ပိုင်းတွင် အရောင်းအ၀ယ် နည်းပါးလာမှုကြောင့် ဈေးရှိဆိုင်များ ပိတ်ထားကြရသည်ဟု အဆိုပါဈေးမှ ကုန်သည်များ၏ ပြောကြားချက် အရ သိရသည်။ 

"နယ်စပ်မှာ ဒီလိုကိစ္စတွေ မကြာခဏ ဖြစ်ပေါ်နေတော့ မကောင်းဘူး။ အခုတော့ သူတို့က တစ်ဖက်နိုင်ငံ ကလာတဲ့ ကုန်သည်တွေကို ဆက်ကြေးတောင်းတာပေါ့။ ဒါကလည်း နန်းဖာလုံဈေးထဲ တောင်းနေကြတာ။ ကိုယ့်နိုင်ငံက ဈေးထဲမှာတင် ဖြစ်နေကြတာ။ ဒီထက်အတင့်ရဲလာပြီး ကိုယ့်နိုင်ငံအတွင်းက ဈေးသည်တွေ ကိုပါ မတောင်းဘူးလို့ မပြောနိုင်ဘူး။ ဒီလိုသာဆက်ပြီး ဖြစ်လာနိုင်မယ်ဆိုရင် နယ်စပ်ကုန်သွယ်ရေးလည်း မကောင်းနိုင်ဘူး။ နန်းဖာလုံဈေး မရောင်းရဘူးဆိုရင် ပို့ကုန်ပစ္စည်းတွေလည်း ကျဆင်းလာမယ်။ ဒီကုန်တွေ က နိုင်ငံတော်ကို အကုန်အခွန်ဆောင်ပြီး လာတာဆိုတော့ နိုင်ငံတော်ရဲ့ဘဏ္ဍာဝင်ငွေလည်း ကျဆင်းလာ မယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေအနေနဲ့ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းကိုင်တွယ်သင့်ပါတယ်" ဟုနယ်စပ် ကုန်သည်ကြီးတစ်ဦးက ပြောကြားခဲ့သည်။

နန်းဖာလုံဈေးသည် တစ်ဖက်နိုင်ငံ၏ ခြံစည်းရိုးနှင့် ကပ်လျက်တည်ရှိပြီး အိန္ဒိယနိုင်ငံမှ လာရောက်သော ဈေးဝယ်များကိုသာ အဓိကအားထားရောင်းချသည့် ဈေးတစ်ဈေးဖြစ်သည်ဟုသိရသည်။ "ဒီဈေးရဲ့ဈေးဝယ် အားလုံးလိုလိုက တစ်ဖက်နိုင်ငံက ဈေးဝယ်တွေ များတယ်။ ဒီလိုကိစ္စတွေ ဖြစ်လာတော့ ဈေးအရောင်း အ၀ယ် မရှိသလောက်ကို ရှားသွားတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ဆိုင်တွေပိတ်ထား ကြရတယ်။ ဒီလို ကိစ္စတွေကို မတားဆီးနိုင်ဘူးဆိုရင် ကျွန်တော်တို့က ဈေးဖွင့်ရောင်းဖို့ အခက်အခဲ ရှိလာပြီ၊ လုံခြုံမှုကင်းမဲ့ သလို ခံစားရပါတယ်" ဟု နန်းဖာလုံ ဈေးသည်တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ ဈေးနေရာတွင် ယခင် နှစ်များက ဗုံးပေါက်ကွဲခြင်းနှင့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခြင်းများ ဖြစ်ပေါ်ခဲ့ဖူးသည်ဟု ဒေသခံများက ပြောကြားခဲ့သည်။






EMG

0 comments:

Post a Comment