7.7.13

မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာ ရန်ကုန်မြို့တွင် ပုဂ္ဂလိကဘဏ် ၁၈ ဘဏ်၏ ဘဏ်ခွဲ ၁၄၀ နီးပါး ရှိလာ



ကမ္ဘောဇ ဘဏ်ခွဲတစ်ခုကို တွေ့ရစဉ် 

မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာဖြစ်သော ရန်ကုန်မြို့တွင် ပုဂ္ဂလိကဘဏ် ၁၈ ဘဏ်မှ ဘဏ်ခွဲ ၁၃၇ ဘဏ် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။ 

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၂၀ ရှိပြီး ဘဏ် ၁၈ ဘဏ်ကသာ ရန်ကုန်မြို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်ထား ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြည်တွင်းပုဂ္ဂလိကဘဏ် ၂၀ သည် ၂၀၁၃ ခုနှစ် မေ ၃၁ ရက်အထိ ဘဏ်ခွဲ ၅၁၅ ဘဏ် ဖွင့်လှစ်ပြီးဖြစ်သည်။ ရန်ကုန်မြို့တွင် ကမ္ဘောဇဘဏ်က ဘဏ်ခွဲ ၃၃ ဘဏ်၊ ရိုးမဘဏ်က ဘဏ်ခွဲ ၁၇ ဘဏ်၊ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်က ဘဏ်ခွဲ ၁၄ ဘဏ်နှင့် သမ၀ါယမ ဘဏ်က ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် အများဆုံး ဖွင့်လှစ်ထားခြင်းဖြစ်သည်။ 

ဖွင့်လှစ်ပြီးပုဂ္ဂလိကဘဏ် ၂၀ မှာ မြန်မာနိုင်ငံသားများဘဏ်၊ သမ၀ါယမဘဏ်၊ ရတနာပုံဘဏ်၊ ပထမ ပုဂ္ဂလိကဘဏ်၊ မြ၀တီဘဏ်၊ ရန်ကုန်မြို့တော်ဘဏ်၊ ရိုးမဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ ထွန်းဖောင် ဒေးရှင်းဘဏ်၊ ကမ္ဘောဇဘဏ်၊ အာရှရန်ကုန်ဘဏ်၊ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေး ဘဏ်၊ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်၊ အင်းဝဘဏ်၊ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ ယူနိုက်တက် အမရဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ နေပြည်တော်စည်ပင်ဘဏ်တို့ဖြစ်သည်။ 

မေ ၃၁ ရက်အထိ စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် ကမ္ဘောဇဘဏ်က ဘဏ်ခွဲ ၁၀၉ ဘဏ်၊ မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်က ဘဏ်ခွဲ ၆၀၊ ရိုးမဘဏ်က ဘဏ်ခွဲ ၅၀၊ သမ၀ါယမဘဏ်က ဘဏ်ခွဲ ၄၃ ဘဏ်၊ ဧရာဝတီဘဏ်က ဘဏ်ခွဲ ၃၇ ဘဏ်ဖြင့် ဘဏ်ခွဲအများဆုံးဖွင့်လှစ်ထားသည်။ ပုဂ္ဂလိက ဘဏ်များသည် ဘဏ်ခွဲများကို မြန်မာနိုင်ငံအနှံ့ လွှမ်းခြုံဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိပြီး ၂၀၁၃ ခုနှစ် အတွင်းဘဏ်ခွဲ ၁၀၀ ကျော် ထပ်မံဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ 

ယခင်က ပုဂ္ဂလိကဘဏ်များ ဘဏ်ခွဲများ ဖွင့်လှစ်ရာတွင် ဘဏ်ခွဲတစ်ခုချင်းစီအတွက် မတည်ငွေ ကျပ်သန်း ၇၀၀ ကို ထားရှိရန် လိုအပ်ပြီး အဆောက်အအုံနှင့် မြေပိုင်ဖြစ်ရန် သတ်မှတ်ထားသော်လည်း ယခုနှစ်ဆန်း ပိုင်း မှစ၍ မူဝါဒ ပြောင်းလဲပေးခဲ့သည်။ အဆိုပါ မူဝါဒ ပြောင်းလဲမှုကြောင့် ပုဂ္ဂလိကဘဏ်များ ဘဏ်ခွဲဖွင့် လှစ်ရာတွင် မြေငှားရမ်းခွင့်၊ အဆောက်အအုံ ငှားရမ်းခွင့်နှင့် ဈေးဝယ်စင်တာများတွင် ဖွင့်လှစ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

EMG

0 comments:

Post a Comment