7.7.13

တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



နေပြည်တော်တွင် ဇူလိုင် ၆ ရက်က စတင်ပြုလုပ်သည့် တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက် ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲ (ဓာတ်ပုံ-စိုးမင်းထိုက်) 

တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၆ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည်။ 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ညီနောင်တိုင်းရင်သားပါတီများဖက်ဒရေးရှင်း ၁၅ ပါတီဖြစ်သည့် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသား လူမျိုး များ ဒီမိုကရေစီပါတီ၊ အရှိုချင်း အမျိုးသားပါတီ၊ တအောင်း (ပလောင်) အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ "၀" ဒီမိုကရက်တစ်ပါတီနှင့် တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့ တက်ရောက်ခဲ့ပြီး "၀" အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီမှာ တက်ရောက်ခြင်း မရှိဘဲ ခွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။ 

"ကျွန်တော်တို့အနေနဲ့ အခုကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ဘယ် အချက်တွေကို ပြင်ဆင်သင့်တယ်။ ဘယ်အချက်တွေ ထပ်ဖြည့်ရင်ကောင်းမယ် စတာတွေကို အဓိကထား ဆွေးနွေးဖို့ ဖြစ်ပါတယ်။ အဓိကကတော့ တိုင်းရင်းသားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ရသင့်တဲ့အခွင့် အရေးတွေ တောင်းဆိုဖို့ဆွေးနွေးမှာပါ။ အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်ကျင်းပမှာ ဖြစ်ပါတယ်" ဟု ဆွေးနွေး ပွဲ တက်ရောက်သူ တစ်ဦးက ပြောကြားသည်။ 

"ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာတော့ ကျွန်တော်တို့ညီနောင် ၁၅ ပါတီက ကိုယ်စားလှယ်တွေ ပါမယ်။ ဥပဒေ ပညာရှင်တွေ၊ ပညာရှင်တွေ ဖိတ်ပြီးကျင်းပမယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုတော့ ပြင်ဆင်ဖြည့် စွက်မှ ရမယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးက အရမ်းနည်းနေတယ်။ ဗဟိုချုပ်ကိုင် မှု များနေလို့ မဖြစ်ဘူး။ ဗဟိုက လျှော့ချပေးမှ ရမယ်။ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်က ဘာမှသိပ်မရှိဘူး။ ဖက်ဒရယ် တောင်းဆိုတယ် ဆိုတာက ဗဟိုအစိုးရနဲ့ ပြည်နယ်တွေ အာဏာအချိုးကျ ခွဲဝေသုံးစွဲဖို့ ဖြစ်ပါ တယ်" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဒေါက်တာစိုင်းကျော်က ပြောကြားသည်။ 

ထို့အပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ လက်ရှိနိုင်ငံရေး ပါတီများ၊ အစိုးရ ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများ၊ ဒီမိုကရေစီ အင်အားစု များပါဝင်သည့် ပြည်ထောင်စုညီလာခံတစ်ရပ် ခေါ်ယူကျင်းပရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေး ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စု လွှတ်တော်အား တိုက်တွန်းခဲ့ကြောင်း သိရသည်။ 

ပြည်နယ်နှင့် တောင်တန်းဒေသများသည် ဖွံ့ဖြိုးမှု နောက်ကျနေကြောင်း၊ တန်းတူဖွံ့ဖြိုးရန်အတွက် ဆွေးနွေး ရခြင်းဖြစ်ကြောင်း၊ ပြည်မနှင့်တောင်တန်း တန်းတူဖွံ့ဖြိုးရန်လိုကြောင်း၊ မကြာမီတွင် ဖက်ဒရယ်စနစ် ပေါ်ပေါက်လာမည်ဟု ယုံကြည်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဦးစောသန်းမြင့်က ပြောကြားသည်။


0 comments:

Post a Comment