7.7.13

မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးသွားသည့် တရားခံများ ဖမ်းဆီးရမိရေး ဘင်္ဂလားဒေ့ရှ်သို့ တိုက်တွန်း


 မြန်မာနယ်စပ်ဘက်မှ ပြစ်မှုကျူးလွန်ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသည့် တရားခံများ ဖမ်းဆီးရမိရေး ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးအရာရှိများထံသို့ မြန်မာနယ်စပ်လုံခြုံရေးမှ တိုက်တွန်းခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်တွန်းဆွေးနွေးမှုအား ဇူလိုင် ၄ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ပဇားမြို့တွင် ကျင်းပပြုလုပ် ခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး အရာရှိများ ဆွေးနွေးပွဲတွင် မြန်မာဘက်မှတောင်း ဆိုဆွေးနွေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "အဓိက ဆွေးနွေးခဲ့တာကတော့ ကျွန်တော်တို့ဘက်မှာ ပြစ်မှု ကျူးလွန်ပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့ တရားခံတွေကို ဖမ်းဆီးရမိရေး၊ မြန်မာရေပိုင်နက်အတွင်း တရားမ၀င် ငါးဖမ်းဆီးနေမှု၊ မြန်မာဘက် ငါးဖမ်းနေသူများထံမှ လုယက်မှု ဖြစ်ပေါ်နေမှု၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်သွယ်မှုပပျောက်ရေးနဲ့ မြန်မာဘက်ကို တရားမ၀င်ဝင်ရောက်ပြီး သစ်ဝါးခိုးထုတ်နေမှု တွေကို ဆွေးနွေးခဲ့ပါတယ်" ဟု နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးက ပြောကြားသည်။

၂၀၁၂ ခုနှစ်ဇွန် ၈ ရက်က မောင်တောမြို့နယ်အတွင်း တိုင်းရင်းသားကျေးရွာများကို မီးရှို့၊ လုယက်၊ လူသတ်မှုများကျူးလွန်ခဲ့ပြီး တစ်ဖက်နိုင်ငံသို့တိမ်းရှောင်သွားသည့် တရားခံတစ်ထောင်ကျော် ရှိနေသေး ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာဘက်မှ နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးအပါအ၀င် အဖွဲ့ဝင် ၁၈ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ BGB အမှတ် (၁၈)တပ်ရင်းမှ အရာရှိ နရူလ်အီဆလာမ် အပါအ၀င် အဖွဲ့ဝင် ၁၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နယ်စပ်တွင် ဖြစ်ပေါ်လာသည့် မည်သည့်အကြောင်းအရာမဆို နစကနှင့် BGB တို့ ချက်ချင်းဆက်သွယ် ဖြေရှင်းရန်အတွက် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ပုံမှန်ဆွေးနွေးမှုများရှိနေပြီး ယခု ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲမှာ မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲ ဖြစ်ကြောင်းလည်း သိရသည်။

EMG 

0 comments:

Post a Comment