7.7.13

ပစ်ကပ်ကားများအား ထရပ်ကားနောက်တွဲ ပြောင်းတပ်ကာ လိုက်ထရပ်အဖြစ် နယ်စပ်မှ တင်သွင်းမှုများကို အရေးယူမည်



မြ၀တီနယ်စပ်မှတစ်ဆင့် တင်သွင်းလာသော ပစ်ကပ်ကားအား လိုက်ထရပ်အဖြစ် ပုံပြောင်းထားသည့် ကား အချို့ကို တွေ့ရစဉ် 

ပစ်ကပ်ကားများအား လိုက်ထရပ်နောက်တွဲယာဉ် ပြောင်းတပ်ကာ လိုက်ထရပ်အဖြစ် နယ်စပ်မှတစ်ဆင့် တင်သွင်းနေမှုများကို နောက်ပိုင်းတွင် ခွင့်ပြုတော့မည် မဟုတ်ကြောင်းနှင့် အရေးယူသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် ကြီးကြပ်ကော်မတီ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။ 

မြ၀တီနယ်စပ်မှတစ်ဆင့် ပစ်ကပ်ကားများ၏ နောက်တွဲကိုဖြုတ်ကာ လိုက်ထရပ် နောက်တွဲဖြင့် ပြောင်းတပ် ပြီး လိုက်ထရပ်အဖြစ်တင်သွင်းနေသည်ကို စစ်ဆေးတွေ့ရှိကြောင်း၊ ထိုကဲ့သို့ တင်သွင်းနေသည်ကို ကညန၊ အကောက်ခွန်တို့အပါအ၀င် တာဝန်ရှိသူများကခွင့်ပြုပေးခဲ့သည်မှာ အစီးရေ ၈၀ ၀န်းကျင်အထိပင် ရှိနေပြီ ဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံ အနေဖြင့် လုပ်ငန်းသုံး ယာဉ်များအား နယ်စပ်မှတစ်ဆင့် တင်သွင်းခွင့် ပြုရာတွင် Light Truck ကားများကိုသာ နယ်စပ်မှတင်သွင်းခွင့် ပေးထားခြင်းဖြစ်ကြောင်း၊ Pick Up ကား များ ကို တင်သွင်းခွင့် ပေးထားခြင်း မရှိကြောင်း၊ ထို့အတွက် ကားတင်သွင်းသူများက Pick Up ကား၏ နောက်ပိုင်း ကိုယ်ထည်ကို Light Truck ကား၏နောက်ပိုင်း ကိုယ်ထည်ဖြင့် အစားထိုးကာ Light Truck လိုင်စင်ဖြင့် တင်သွင်းနေကြခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုသို့တင်သွင်းနေမှုကို စိစစ်တွေ့ရှိရပြီးနောက် ယခုအခါ မော်တော်ယာဉ်ကြီးကြပ်အဖွဲ့မှ တားဆီးကန့် သတ် သွားမည်ဖြစ်သည်ဟု သိရသည်။ "ဓာတ်ပုံနဲ့တကွ စိစစ်တွေ့ရှိရပြီးတဲ့နောက် မော်တော်ယာဉ် ကြီးကြပ် အဖွဲ့ကလည်း ဒါကိုခွင့်မပြုကြောင်း မကြာမီ ထုတ်ပြန်ပြီး သွင်းလာရင် အရေးယူဖို့ ရှိတယ်" ဟု မော်တော်ယာဉ် ကြီးကြပ်ကော်မတီတွင် ပါဝင်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိတစ်ဦးက ပြောကြားခဲ့သည်။ မြ၀တီ နယ်စပ်မှတစ်ဆင့် ကားအပြင် ဓာတ်ငွေ့ရည်၊ စက်သုံးဆီနှင့် လူသုံးကုန်များ၊ ဘီယာအရက်များအား နှစ်စဉ်အမေရိကန်ဒေါ်လာ ဘီလျံဖြင့်ချီကာ လက်ရှိအချိန်အထိ မှောင်ခိုကုန်သွယ်လျက်ရှိကြောင်း သိရသည်။
 

EMG 

0 comments:

Post a Comment