7.7.13

တနိုင်းဒေသ၊ ညောင်ပင်ကုန်း ပယင်းမှော်တွင် KIA မှ စစ်သားစုဆောင်းရေးအတွက် နေ့စဉ်ရက်ဆက် ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေ


 ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တနိုင်းမြို့နှင့် မိုင် ၂၀ ခန့်အကွာ ညောင်ပင်ကုန်း ပယင်းမှော်တွင် ဇူလိုင် ၁ ရက်မှစ၍ KIA မှ စစ်သားစုဆောင်းရေးများ ရက်ဆက်ဖမ်းဆီး ခေါ်ဆောင်နေကြောင်း၊ ၎င်းမှော်မှ ထွက်ပြေးလာသူများမှတစ်ဆင့် စုံစမ်းသိရှိရသည်။ ၎င်းဒေသမှ ထွက်ပြေးလာသူများထဲမှ လူငယ်တစ်ဦးက


"၁ ရက်ညနေစောင်းမှာ လာဖမ်းတယ်။ လူ ၁၀၀ ကျော် ပါသွားတယ်လို့ သိရတယ်။ လူတွေကများတော့ ဖမ်းသွားပြီး ခဏဆိုတော့ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားတယ်။ ၂ ရက်ကတော့ တောထဲမှာ အိပ်ရတယ်။ အဲ့ဒီနေ့လည်း ဖမ်းတာပဲ။ လူ ၅၀ လောက် ပါတယ်။ ၃ ရက်လည်း ဖမ်းတယ်။ ကျွန်တော်သိတဲ့ လူတွေလည်း ပါသွားတယ်။ ၄ ရက်လည်း ဖမ်းတယ်ပြောတယ်။ ကျွန်တော်တို့ကတော့ ကုန်းလမ်းကနေ ထွက်ပြေးလာပြီ။ ၂ ရက်မှာ ချမ်းသာမှော် စက်လှေဂိတ်မှာလည်း ဖမ်းတယ်လို့ သိရတယ်။ အသက် (၁၇)နှစ်ကနေ အသက် (၄၀)အထိ အမျိုးသမီးတွေ၊ အမျိုးသားတွေ အကုန်ဖမ်းတယ်။ ငွေနဲ့ပြန်သွားရွေးတာလည်း မရခဲ့ဘူး။ ကချင်တွေ၊ လီဆူးတွေ၊ ရှမ်းတွေ အကုန်ထွက်ပြေး ကြတာပဲ" ဟုဆိုသည်။ ၎င်းမှော်ထဲမှ ထွက်ပြေးလာသူများ၏ ပြောစကားအရ လက်နက်ကိုင် ၅၀ ခန့်ဖြင့် မှော်တဲများ၊ လုပ်ကွက်ဆင်းနေသူများအား ၀ိုင်းဝန်းဖမ်းဆီးခြင်းဖြစ်ပြီး လေးယောက်၊ ငါးယောက်တစ်တွဲ ကြိုးချည်ခေါ်ယူ သွားကြောင်း၊ လက်နက်အပြည့်အစုံ ပါသော်လည်း ထွက်ပြေးသူများအား ပစ်ခတ်မှု မရှိကြောင်း သိရသည်။

"ဖမ်းတဲ့လူတွေကို ရွာထိပ်က သူတို့စခန်းမှာပဲ ညအိပ်ထားတယ်။ မနက်မလင်းခင် နန်ဗျူစခန်းကို ပို့တယ်။ သိရသလောက်ဆိုရင် လူ ၂၀၀ ကျော်ပြီ" ဟု ၎င်းမှော်မှ ဆင်းလာသူတစ်ဦးက ဆိုသည်။

၎င်းစုဆောင်းရေးဆွဲခြင်း ကိစ္စအား တနိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့အား ဇူလိုင် ၅ ရက်ညနေပိုင်းက ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ၎င်းသတင်းမှာ ကောလာဟလ အဖြစ်သာ ကြားရသေးကြောင်း ပြန်ကြားခဲ့သည်။ ထို့ပြင် အဆိုပါကိစ္စနှင့် ပတ်သက်၍ ကေအိုင်အေသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ယခုရက်ပိုင်းအတွင်း တနိုင်းဘက်မှ မြစ်ကြီးနားမြို့သို့ ဆင်းသူများ လွန်စွာများပြားလျက် ရှိပြီး တနိုင်းမြို့ တည်းခိုခန်းများတွင် ပယင်းမှော်သို့ သွားရောက်မည့် ကုန်သည်များ၊ အလုပ်သမားများ သောင်တင်နေကြောင်း တနိုင်းမြို့ခံ ဒေသခံများနှင့် ပို့ဆောင်ရေး လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။
၎င်းပယင်းမှော်သည် ညောင်ပင်ကုန်းရွာကို အမည်ပြု၍ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး စည်ကားလာသည်မှာ နှစ်နှစ်ဝန်းကျင်ခန့် ရှိပြီဖြစ်ကြောင်း၊ ယခုအခါလူ ဦးရေ ၄၀၀၀ ၀န်းကျင် နေထိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။ 

EMG 

0 comments:

Post a Comment