7.7.13

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် UWSA တို့ "၀" မြောက်ပိုင်းဌာနချုပ် ပန်ဆန်းတွင် ဆွေးနွေးရန် ညှိနှိုင်းနေ


မြစ်ကြီးနားမြို့တွင် မေလက ပြုလုပ်ခဲ့သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လေ့လာသူ အဖြစ် တက်ရောက်လာသော UWSA ၏ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးဆမ်ခွန် (ယာ)ကို တရုတ်သံတမန် တစ်ဦးနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်) 

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် "၀" ပြည်သွေးစည်းညီညွတ်ရေး ပါတီ၊ UWSA တို့ "၀" မြောက်ပိုင်းဒေသဌာနချုပ် ပန်ဆန်းတွင်ဆွေးနွေးရန်ညှိနှိုင်းကြောင်း ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအဖွဲ့ ၀င် ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်က ဇူလိုင် ၆ ရက် တွင် The Daily Eleven သို့ ပြောကြားသည်။ "ဆွေးနွေးဖို့က ညှိနှိုင်းနေဆဲပါပဲ။ အရင်ကတည်းက ဆွေးနွေး မယ်လို့ ပြောထားပြီးသားပါ။ ရက်အတိအကျ မသတ်မှတ် ရသေးတဲ့အတွက် ရွှေ့ဆိုင်းတယ်ဆိုပြီး ကောလ ဟာလတွေ ထွက်လာတာပါ" ဟု ဦးအုန်းမြင့်က ပြောကြားသည်။ 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က အစိုးရကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်သည် "၀" နှင့် ဆွေးနွေးရာတွင် အစဉ်တစိုက် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ "၀" နှင့်ဆွေးနွေးရာ၌ ကျိုင်းတုံတွင် ဆွေးနွေးမည်မဟုတ်ဘဲ UWSA ဌာနချုပ်ရှိရာ ပန်ဆန်းသို့သွားရောက် ဆွေးနွေးရန် မူလကတည်းက စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။ "သူတို့ဆီသွားပြီး ဆွေးနွေးမှာပါ။ အခု ဖြစ်နေတဲ့ ပြဿနာတွေကလည်း ကြီးကြီးမားမားတွေ မဟုတ်ပါဘူး" ဟု ဦးအုန်းမြင့်က ပြောကြားသည်။ 

"၀" ပြည်သွေးစည်းညီညွတ်ရေးပါတီအနေဖြင့် တပ်မတော်နှင့်ဖြစ်ပွားနေသော တင်းမာမှုများကို ဆွေးနွေး ဖြေရှင်း ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ဆန္ဒရှိကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဇူလိုင် ၄ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။ ထို့အပြင် ဦးသိန်းဇော် ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးရန် အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံရရှိ ထားကြောင်း ဦးအောင်မြင့်က ပြောကြားသည်။ ယခုရက်ပိုင်းအတွင်း အစိုးရနှင့် ဆွေးနွေးရန်ကမ်းလှမ်း ချက်ကို "၀" ဘက်မှ ရက်ရွှေ့ဆိုင်းထားသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့ပြီး ထိုသတင်းများမှာ ကောလာ ဟလဖြစ်ကြောင်း ဦးအုန်းမြင့်က ပြောကြားသည်။ 

ပြီးခဲ့သည့် မေလအတွင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယွန်းမြို့နယ်ခွဲရှိ UWSA ပိုင် ရော်ဘာခြံတစ်ခြံကို လာရောက်သိမ်းပိုက်သည့် အချိန်မှစ၍ နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာခဲ့ ကြောင်းနှင့် ယခုလပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင်ရှိသော UWSA တပ်စခန်းများကို စာရင်းပြုစု တင်ပြရန်နှင့် တပ်စခန်းအချို့ဆုတ်ခွာပေးရန် တပ်မတော်ဘက်မှ တောင်းဆိုမှုများရှိခဲ့သည်။ ဇူလိုင် ၆ ရက် ညနေပိုင်းတွင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် UWSA တို့ ဇူလိုင် ၁၁ ရက်တွင် တွေ့ဆုံမည် ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တွေ့ဆုံမည့်နေ့ရက်နှင့် နေရာကို တိတိကျကျမသိရှိရသေး ကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဇူလိုင် ၆ ရက် ညနေပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။


EMG 

0 comments:

Post a Comment