7.7.13

အများပြည်သူအကြား အေတီအမ်ကတ် သုံးစွဲမှု နည်းပါးဆဲဖြစ်ပြီး လပေါင်း ၂၀ အတွင်း အေတီအမ်ကတ် အသုံးပြုသူ ၁၆၀၀၀၀ ကျော်သာရှိ



အေတီအမ်စက် တပ်ဆင်ထားသော ပုဂ္ဂလိက ဘဏ်ခွဲတစ်ခုကို တွေ့ရစဉ် 

အများပြည်သူမှ ဘဏ်များမှ ထုတ်ဝေပေးထားသည့် အေတီအမ်ကတ် သုံးစွဲမှု နည်းပါးဆဲဖြစ်ပြီး လပေါင်း ၂၀ အတွင်း အေတီအမ်ကတ် ထုတ်ဝေပေးထားမှုမှာ ၁၆၁၆၀၁ ဦးသာရှိပြီး တစ်နိုင်ငံလုံး တပ်ဆင်ပေးထား သည့် အေတီအမ်စက် အလုံးရေမှာ ၂၇၅ စက်သာ ရှိသေးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါအေတီအမ်ကတ်ထုတ်ဝေထားမှုနှင့် စက်တပ်ဆင်မှုပမာဏမှာ ဇူလိုင် ၄ ရက်အထိဖြစ်ပြီးအေတီအမ် ကတ်ကို လက်ရှိအစိုးရလက်ထက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်အသုံးပြုခွင့် ပေးခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် မြန်မာနိုင်ငံ၏တစ်ခုတည်းသော အီလက်ထရွန်နစ်ငွေပေးချေစနစ် ဖြစ်သည့် MPU (Myanmar Payment Union) ကတ်ကို Debit ကတ် အမျိုးအစားအနေနှင့် စတင်အသုံးပြု ခွင့် ပေးခဲ့သည်။ 

လက်ရှိ အေတီအမ်ကတ်ဝန်ဆောင်မှုပေးနေသော မြန်မာဘဏ် ခုနစ်ဘဏ်ရှိပြီး ဇူလိုင် ၄ ရက် စာရင်းများ အရ မြန်မာနိုင်ငံသားများဘဏ်မှ ၃၆၃ ကတ်၊ သမ၀ါယမဘဏ်မှ ၂၇၂၀၈ ကတ်၊ မြ၀တီဘဏ်မှ ၄၅၀၃ ကတ်၊ ကမ္ဘောဇဘဏ်မှ ၇၆၅၆၈ ကတ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ ၁၆၄၃၈ ကတ်၊ ဧရာဝတီဘဏ် မှ ၃၂၃၄၁ ကတ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ၄၁၈၀ ကတ်တို့ကိုထုတ်ပေးပြီးဖြစ်သော်လည်း အမှန်တကယ် အသုံးပြုသူဦးရေမှာ ထုတ်ပေးပြီး ကတ်စုစုပေါင်း ၁၆၁၆၀၁ ကတ်ထက် လျော့နည်းနိုင်ကြောင်း သိရသည်။ 

ဘဏ်များမှ ထုတ်ဝေပေးသော Debit ကတ် အမျိုးအစား အေတီအမ် (MPU) ကတ်များ အသုံးပြုနိုင်ရန် အေတီအမ်စက်များကို ဘဏ်များတွင် ၁၅၃ စက်၊ အများပြည်သူ ဧရိယာတွင် ၁၂၂ စက်၊ စုစုပေါင်း ၂၇၅ စက် တပ်ဆင်ပြီးဖြစ်ကာ POS (Point of Sale) စက်ပေါင်း ၅၄၂ စက်တွင်လည်း ငွေပေးချေနိုင်မည် ဖြစ်သည်။ MPU အဖွဲ့ကို မြန်မာဘဏ်များ စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး အစိုးရဘဏ်သုံးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ MPU ကွန်ရက်တွင် မြန်မာဘဏ်ကတ်များအပြင် တရုတ် CUP ကတ်နှင့် ဂျပန် JCB ကတ်တို့လည်း အသုံးပြုနိုင်ပြီး မြန်မာအေတီအမ်ကတ်တို့ကို နိုင်ငံတကာ တွင် အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် နိုင်ငံတကာငွေပေးချေကတ် များဖြစ်သော Visa နှင့် Master ကတ်တို့ကိုလည်း အသုံးပြုနိုင်သည်။ 

မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အထိ Credit စနစ်ဖြင့် အေတီအမ်ကတ် အသုံးပြုခဲ့ဖူးပြီး ၂၀၀၃ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။ ရှစ်နှစ်ဝန်းကျင်အကြာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် Debit စနစ်ဖြင့် အေတီအမ်ကတ် အသုံးပြုခွင့် ပြန်လည်ပေးအပ်ခဲ့သော်လည်း အများပြည်သူအကြား အသုံးပြုမှု နည်းပါးနေဆဲဖြစ်ကြောင်း သိရသည်။




EMG

0 comments:

Post a Comment