19.8.13

ရာသီအစရှုံးပွဲအတွက် အသင်းပရိသတ်များအား အာစင်ဝင်းဂါး တောင်းပန် သို့ရာတွင် အသင်း၏အပြောင်းအရွှေ့ပေါ်လစီကို ကာကွယ်ပြောဆိုခဲ့

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းတွင် ဗီလာအသင်းအား လက်ခံကစားခဲ့သောပွဲစဉ်တွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက အသင်းပရိသတ်များအား တောင်းပန်စကား ပြောဆိုခဲ့သည်။ အာဆင်နယ်အသင်းသည် အမ်းမရိတ်တွင် ကစားခဲ့သော အဆိုပါ ပွဲစဉ်တွင် တိုက်စစ်မှူး ဂီရော့ဒ်၏သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဗီလာအသင်း၏ချေပဂိုးများကို ခွင့်ပြုခဲ့ရကာ နောက်ခံလူကိုစီရယ်နီ ထုတ်ပယ်ခံရမှုနှင့်အတူ ၃-၁ ဂိုး ဖြင့် ရှုံးပွဲကြုံတွေ့ခဲ့ရသည်။


အာစင်ဝင်းဂါးက “အသင်းကို ချစ်မြတ်နိုးအားပေးတဲ့သူတွေကို စိတ်ပျက်စေခဲ့မိတဲ့အတွက် ကျွန်တော် တောင်းပန်ချင်ပါတယ်။ ကျွန်တော် ဒီမှာရှိနေတာဟာ သူတို့ကို ပျော်ရွှင်အောင်လုပ်ပေးနိုင်ဖို့ပါ။ ဒါပေမဲ့ ကျွန်တော် မလုပ်နိုင်ခဲ့ပါဘူး။ လာမယ့်ပွဲမှာတော့ သူတို့ကို ကျွန်တော် ပျော်ရွှင်အောင်စွမ်းဆောင် ပေးနိုင်မယ်ထင်ပါတယ်”ဟု ပြောဆိုခဲ့သည်။

သို့သော် အာစင်ဝင်းဂါးက ယင်းပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ရမှုမှာ အသင်း၏အပြောင်းအရွှေ့ပေါ်လစီကြောင့် မဟုတ်ဘဲ မိမိတို့အနေဖြင့် နိုင်ပွဲရရှိနိုင်လောက်သည့်ခြေစွမ်းမျိုးရှိခဲ့ကြောင်း ကာကွယ်ပြောခဲ့သည်။ အာဆင်နယ်အသင်းသည် ယခုနှစ်အပြောင်းအရွှေ့ ရာသီတွင် ကစားသမားသစ်များ ခေါ်ယူရန် ကြိုးပမ်း ခဲ့သော်လည်း လက်ရှိအချိန်အထိ ပြင်သစ်လူငယ်တိုက်စစ်မှူး ဆာနိုဂိုတစ်ဦးမှလွဲ၍ ခေါ်ယူနိုင်ခဲ့ခြင်း မရှိသေးပေ။

အာဆင်နယ်အသင်းသည် နာပိုလီအသင်းသို့ ပြောင်းရွှေ့သွားသော ရီးယဲလ်တိုက်စစ်မှူး ဟီဂူအင်၊ ဘိုင်ယန်မှ ၀ုဖ်ဘတ်သို့ ပြောင်းရွှေ့သွားသည့် ကွင်းလယ်လူဂတ်စတာဗိုတို့အပြင် လီဗာပူးလ်အသင်း တိုက် စစ်မှူး ဆွာရက်ဇ်အားလည်း ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အပြောင်းအရွှေ့
တစ်ခုမှ အထမမြောက်ခဲ့သဖြင့် ပရိသတ်များ၏အားမလိုအားမရဖြစ်မှုကို ရင်ဆိုင်နေရသည်။ နည်းပြ အာစင်ဝင်းဂါးက ဗီလာ အား ရှုံးနိမ့်ခဲ့ခြင်းမှာ ကစားသမားခေါ်ယူမှုမရှိသောကြောင့်ဖြစ်သည်ဟူသော ပြောဆိုချက်များကို ငြင်းဆို ခဲ့ပြီး ကစားသမားသစ် ခေါ်ယူနိုင်ရန် အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကြိုးစားနေကြောင်း ပြောဆိုခဲ့သည်။

အာစင်ဝင်းဂါးက “ဒီနေ့ကွင်းထဲမှာရှိတဲ့ ကစားသမားတွေနဲ့ ဒီပွဲကို အနိုင်ရနိုင်သလားဆိုရင် ကျွန်တော် ကတော့ အနိုင်ရနိုင်ပါတယ် လို့ ဖြေမှာပါ။ ကျွန်တော်တို့ ငွေကြေးမသုံးစွဲသေးဘူးဆိုတာ ကျွန်တော်တို့နဲ့ သင့်တော်မယ့်ကစားသမားမျိုး ရှာမတွေ့နိုင်သေးလို့ပါ။ ကျွန်တော်တို့အတွက် သင့်တော်ကောင်းမွန် တဲ့ကစားသမားမျိုးတွေ့ရင် ကျွန်တော်တို့ ငွေကြေးသုံးစွဲဖို့ အဆင်သင့်ရှိပါတယ်”ဟု အသင်း ၀က်ဘ်ဆိုဒ် မှတစ်ဆင့် ရှင်းလင်းပြောဆိုခဲ့သည်။

ယခုပွဲစဉ်တွင် လာရောက်အားပေးကြသည့် အာဆင်နယ်အသင်း ပရိသတ်များကလည်း ငွေကြေးသုံးစွဲပြီး ကစားသမားသစ်များ ခေါ် ယူပေးရန် တောင်းဆိုခဲ့ကြပြီး အာစင်ဝင်းဂါးအားလည်း လှောင်ပြောင်အော် ဟစ်ခဲ့ကြသည်။ ယင်းပွဲစဉ်တွင် နောက်ခံလူများ ဖြစ်ကြသည့် ဆစ်ဂနာ၊ ကီရန်ဂစ်၊ ကွင်းလယ်လူ ချိန် ဘာလိန်တို့လည်း ဒဏ်ရာအသီးသီးရ ရှိသွားခဲ့ကြသောကြောင့် လာမည့်ဗုဒ္ဓဟူးနေ့တွင် အရေးပါသည့် ချန်ပီယံလိဂ် Play-off ပွဲစဉ်အား ဖီနာဘာချီအသင်းနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည့် အာဆင်နယ်အတွက် ထိုးနှက်ချက်ဖြစ်လာခဲ့သည်။ အာဆင်နယ် အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၂)တွင်လည်း လန်ဒန်မြို့ခံ ပြိုင်ဘက် ဖူလ်ဟမ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

အောင်သုတ
မဇ္ဈိမ

0 comments:

Post a Comment