6.10.13

တစ်နှစ်အတွင်း တိုင်းကြားသည့်အမှု ၄၈ မှု စာနယ်ဇင်းကောင်စီ ဖြေရှင်းပေးခဲ့

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သည် တစ်နှစ်အတွင်း မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်များနှင့်ပတ်သက်၍ တိုင်ကြားသည့်အမှု ၄၈မှုကိုဖြေရှင်းပေးနိုင်ခဲ့ကြောင်း ကောင်စီ(ယာယီ)အဖွဲ့ဝင် ဒေါက်တာမျိုးသန့်တင်က ပြောသည်။


မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၏ တိုင်ကြားမှုနှင့် အငြင်းပွားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီသည် သတင်းနှင့်စာနယ်ဇင်းဆိုင်ရာအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၊ အခြားသောအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအကြားဖြစ်ပွားသည့် အငြင်းပွားမှု၊ တိုင်ကြားမှုများကို တရားရုံးတွင် ရင်ဆိုင်ရသည့်အခြေအနေမျိုးမရောက်မီ ကျင့်ဝတ်ဆိုင်ရာပြဌာန်းချက်နှင့်အညီ အရင်ညှိနှို်င်းဖြေရှင်းနိုင်ရန် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စ၍ တိုင်ကြားစာများကို လက်ခံကာ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စတင်ဆောင်ရွက်သည့်အချိန်မှစ၍ တိုင်ကြားမှုနှင့် အငြင်းပွားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီသည် လွှတ်တော်က ပေးပို့သည့်တိုင်ကြားစာ ၁စောင်၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့်အစိုးရအဖွဲ့အစည်းများမှပေးပို့သည့်တိုင်ကြားစာ ၉စောင်၊ ပြည်နယ်တိုင်းအစိုးရအဖွဲမှ တစ်ဆင့်ပေးပို့သည့်တိုင်ကြားစာ ၁စောင်၊ ပုဂ္ဂလိကအဖွဲ့အစည်းများကပေးပို့သည့်တိုင်ကြားစာ ၃၅စောင်နှင့် နိုင်ငံရေးပါတီ မှပေးပို့သည့်တိုင်ကြားစာ ၁စောင် စုစုပေါင်း ၄၈ စောင်ကို ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်

ထိုတိုင်ကြားစာများသည် အပတ်စဉ်ထုတ်ဂျာနယ်များ၌ အရက်ကြော်ငြာများ ပါဝင်သည့်ကိစ္စ၊ မဂ္ဂဇင်းနှင့် ဂျာနယ်အချို့တွင် မြန်မာယဉ်ကျေးမှုနှင့်မလျော်ညီသော ၀တ်စားဆင်ယဉ်သည့် ဓါတ်ပုံများပါသည့်ကိစ္စ၊ အားကစားဂျာနယ်များတွင် ဘောလုံးလောင်းကစားကြေးများ ထည့်သွင်းဖော်ပြသည့်ကိစ္စ၊ သတင်းစာ၊ဂျာနယ်အချို့တွင် မှားယွင်းဖော်ပြသည့်ကိစ္စနှင့် ပတ်သက်သည့် တိုင်ကြားချက်များ ပါဝင်ကြောင်း ဒေါက်တာမျိုးသန့်တင်ကပြောသည်။

ထိုသို့ လက်ခံရရှိသည့် တိုင်ကြားစာများအနက် သံတော်ဆင့်ဂျာနယ်နှင့်သက်ဆိုင်သည့် ကိစ္စတစ်ခုကို တိုင်ကြားလာခဲ့ရာတွင် ထိုဂျာနယ်အားညှိနှိုင်းဖြေရှင်းရန်ဖိတ်ကြား ခဲ့သော်လည်း မလာရောက်ခဲ့ကြောင်း ထိုသို့မလာရောက်ခဲသည့်အ တွက် ကော်မတီတစ်ခုအနေဖြင့် လုပ်ဆောင်နိုင်ချက်ပြီးပြီဟု ယူဆခဲ့ ကြောင်း မကျေနပ်ရင် ၎င်းတို့အနေနှင့် တရားရုံး၌သာ ဖြေရှင်း ရတော့ မည့်ကိစ္စဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

" ကျွန်တော်တို့က နှစ်ဦးနှစ်ဖက် ညှိနှိုင်းမယ်။ ခေါ်ယူပြီးတော့ ကျင့်ဝတ်အခြေခံပြီးတော့ပြောမယ်။ အဲ့ဟာကို ကျွန်တော်တို့နဲ့ လာရောက်ဆွေးနွေးမှုမရှိရင် ဆက်လုပ်ဖို့ ကျွန်တော်တို့မှာ တာဝန်မရှိတော့ပါဘူး။" ဟု ဒေါက်တာမျိုးသန့်တင်ကပြောသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သည် ၂၀၁၂ စက်တင်ဘာလတွင် တိုင်ကြားမှုနှင့် အငြင်းပွားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ၊ ကျင့်ဝတ်နှင့်ဥပဒေ ရေးဆွဲရေး ကော်မတီ အပါအ၀င် ကော်မတီလေးခုကို ကောင်စီအဖွဲ့ဝင်များဖြင့် ဖွဲ့စည်း ၍ လုပ်ငန်းတာဝန်များကို စတင်ဆောင်ရွက်ခဲ့သည်။

Popular Myanmar News Journal

0 comments:

Post a Comment