8.12.13

စည်ပင်အမှိုက်ပုံမှအညှော်နံ့ ဒေသခံများကျန်းမာရေးအတွက်ပါ စိုးရိမ်နေရဟုဆို

လားရှိုးမြို့အပြင်ရှိ ပညာရေးကောလိပ်နှင့် ကြာကန်ရွာကြားတွင်
ရှိသော စွန့်ပစ်အမှိုက်များအား မီးရှို့ရာမှ ထွက်ပေါ်လာသော အမှိုက်ညှော်နံ့များကြောင့် ပတ်ဝန်းကျင်ရှိ ဒေသခံရွာသူ
ရွာသားများ၏ ကျန်းမာရေးများစွာ ထိခိုက်လျက်ရှိကြောင်း
သိရသည်။



အဆိုပါအမှိုက်ပုံအားမီးရှို့ရာမှ ထွက်ပေါ်လာသော အမှိုက်ညှော်နံ့များနှင့် ပတ်သက်၍ “ဒီအမှိုက်ညှော်နံ့တွေကို ကျွန်မတို့ ရွာသူရွာသားတွေ
နေ့တိုင်းရှုနေရပါတယ်၊ တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတယ်
ကလေးတွေနဲ့ အသက်ကြီးတဲ့ သူတွေဆိုရင် ချောင်းဆိုး၊ ရင်ကြပ်ဖြစ်နေတာတွေ အများကြီးပဲ၊ အမှိုက်တွေကို
စနစ်တကျမီးရှို့ သင့်ပါတယ်၊ နေမကောင်းတဲ့ လူတွေဆိုရင် ပိုဆိုးသွားတာပေါ့ အသက်အန္တရယ်တောင် ရှိနိုင်တယ်၊
ဒီအမှိုက်တွေကို ဘယ်သူ့အပေါ်မှာ တာဝန်ရှိလဲတော့
မသိဘူး တာဝန်ရှိတဲ့လူတွေ သက်ဆိုင်တဲ့လူတွေ ဒီအမှိုက်ပုံကို
အမြန်ဆုံး လာရောက် ရှင်းလင်းဆောင်ရွက် စေချင်ပါတယ်”ဟု
ဒေသခံဒေါ်ညိုက ပြောသည်။

ယင်းအမှိုက်ပုံသည် စည်ပင်သာယာရေးဌာနမှတစ်ဆင့် ပုဂ္ဂလိက လုပ်ငန်းအဖြစ် တာဝန်ယူ လုပ်ကိုင်နေသော`မြို့ဂုဏ်ဆောင်´
အမှိုက်သိမ်း ကုမ္မဏီမှလာရောက် စွန့်ပစ်သော အမှိုက်များအား မီးရှို့ဖျက်စီးနေကြောင်းကို အနီးဝန်းကျင်ရှိလူနေအိမ်များထံမှ
သိရသည်။

လားရှိုးမြို့အပြင်ရှိ အမှိုက်ညှော်နံ့ကိစ္စနှင့် ပတ်သက်၍သက်ဆိုင်ရာ စည်ပင်မှမြို့နယ်စည်ပင်ဦးစီးမှူး ဦးအေးကိုက “အမှိုက်သိမ်းလုပ်ငန်းနဲ့ ပတ်သက်လို့ကျွန်တော်တို့ စည်ပင်အနေကမြို့ဂုဏ်ဆောင် အမှိုက်သိမ်းကုမ္မဏီကို လုပ်ငန်းချထားပေးပါတယ်။ လုပ်ငန်းချပေးတဲ့နေရာမှာလည်း အမှိုက်တွေကို မီးမရှို့ဖို့မှာထားပါတယ်။ အကယ်၍ မီးလောင်ခဲ့ရင်လည်း ရေနဲ့ဖျန်းပတ်ဖို့နဲ့ သဲတို့မြေကြီးတွေနဲ့ ဖုံးအုပ်ဖို့ညွှန်ကြားထားပါတယ်။ နောက်ပြီးအမှိုက်တွေကို မြေဖို့စနစ်နဲ့ ထိန်းသိမ်းဖို့လဲ ညွှန်ထားပါတယ်၊ တစ်ခါတစ်ရံအမှိုက်ဆိုတာကလည်း အလိုလိုမီးလောင်လေ့ရှိပါတယ်၊ အမှိုက်ရဲ့ဓာတ်သဘောက မီတိန်းဓာတ် ရှိနေလို့သူ့အလိုလို လောင်တာရှိပါတယ်၊ ဒီကိစ္စကိုတော့အလေးနက်ထား စစ်ဆေးဆောင်ရွက်ပေးပါ့မယ်”ဟု ပြောသည်။

၎င်းအမှိုက်ပုံတွင်လားရှိုးမြို့ရှိ အမှိုက်များလာရောက်စွန့်ပစ်သော နေရာဖြစ်ပြီး
လားရှိုး- နမ္မတူသွားရာ ကားလမ်းမကြီး၏ဘေး၊ လားရှိုးမြို့နှင့်
နောင်လိုင်ရွာတို့နှင့် အလွန်နီးကပ်လျက်ရှိကြောင်း ဒေသခံများထံမှ
သိရသည်။

ထွန်းထွန်း၊ စိုးမင်းနိုင်၊ အောင်ဟိန်း။
မြန်မာ့ခေတ်

0 comments:

Post a Comment