8.12.13

လုပ်ခလစာတိုးမြှင့်ပေးရန်နှင့် ပိတ်ရက်တွင် အချိန်ပို မဆင်းခြင်းအပေါ် အပြစ်ဒဏ်ပေးခြင်းများ မပြုလုပ်ရန် စုပေါင်းတောင်းဆိုမှု ပြုလုပ်

တနင်္ဂနွေနေ့ လုပ်ငန်းပိတ်ရက်တွင် အချိန်ပို မဆင်းသော ၀န်ထမ်း (၆၀)ကျော်အား ဒီဇင်ဘာလ (၂)ရက်နေ့၌ နေပူထဲတွင် (၁)နာရီကြာ မတ်တပ်ရပ် အပြစ်ပေးမှုများနှင့် လုပ်ခလစာနည်းပါးမှုများကြောင့် ရွှေပြည်သာ၊ ရွှေလင်ပန်းစက်မှုဇုံအတွင်းရှိ Great Well ဖိနပ်ချုပ်စက်ရုံရှိ အလုပ်သမားတစ်ထောင်ကျော်မှ စုပေါင်းတောင်းဆိုမှုများ ပြုလုပ်နေကြောင်း သိရသည်။


“နေပူတောထဲမှာလည်း ထားတယ်။ အဲလိုပေါ့နော် တစ်ရက်လေးပါ တစ်ရက်လေးပဲ နားလိုက်တာပါ။ ကျန်တဲ့ ရက်တွေကိုလည်း ဆင်းပါတယ်။ အဲဒါလို တစ်ရက်လေး နားလိုက်တာကို အကုန်လုံးကိုခေါ်ပြီးတော့ မတ်တပ်ရပ်ခိုင်းတယ်။ ရပ်ပြီးတဲ့ အချိန်မှာတောင်ပဲ ပြောဆိုခံနေရတယ်။ ဆဲလည်း အဆဲခံနေရတယ်။ ခဏလေးထိုင်တာတောင် ထိုင်ခွင့်မပေးဘူးဟု” စုပေါင်းတောင်းဆိုမှုတွင် ပါဝင်သော အပြစ်ပေးခံရသူ ၀န်ထမ်းတစ်ဦးမှ ပြောသည်။

တောင်းဆိုမှုများတွင် လုပ်ခလစာတိုးမြှင့်ရေးအပါအ၀င် သောက်ရေသန့်ရရှိရေး၊ ဆေးခွင့်၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်များအား ပိုက်ဆံမဖြတ်ရန်၊ သန့်ရှင်းရေးဝန်ထမ်းထားရှိပေးရန်၊ တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်ကို အလုပ်မဆင်းသူများအား နေပူလှမ်းခြင်း မပြုလုပ်ရန်နှင့် စက်ရုံမှ လိုင်းဆရာများသည် အလုပ်သမားများအပေါ် အလုပ်ချိန်အတွင်း အော်ဟစ်ဆဲဆိုခြင်းများ မပြုလုပ်ရန် အစရှိသော အချက်များလည်း ပါဝင်သည်။

ဝန်ထမ်းများသည် လုပ်ငန်းခွင်အတွင်း သောက်သုံးရေ မသန့်ရှင်းခြင်း၊ သန့်စင်ခန်းအား ကျား/မ ခွဲခြားထားမှုမရှိခြင်းနှင့် မလုံလောက်ခြင်း၊ လုပ်ငန်းခွင်သန့်ရှင်းရေးအပြင် သန့်စင်ခန်း သန့်ရှင်းရေးများပါ အလှည့်ကျလုပ်ကိုင်နေရခြင်း စသော အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေကြောင်း သိရသည်။

“အဓိကကတော့ လုပ်ခနည်းတဲ့အတွက် စက်ရုံတိုင်းက တောင်းဆိုနေတဲ့အထဲမှာ ဒီ Great Well ဖိနပ်စက်ရုံလည်း ပါတာပေါ့နော်။ လူ့အခွင့်အရေးချိုးဖောက်မှုကတော့ ပြီးခဲ့တဲ့ လဆန်း (၁)ရက်နေ့က တနင်္ဂနွေ OT ခေါ်တယ်။ အလုပ်မဆင်းတဲ့သူတွေကို (၂)ရက်နေ့မှာ နေလှမ်းပါတယ်။ အဲ အားလုံးပေါင်း (၆၀)ကျော်တာပေါ့နော်။ အဲဒါကတော့ အလွန်တရာ အံ့သြစရာကောင်းတဲ့ ဖြစ်ရပ်ပါပဲ။ နေလှမ်းတယ်ဆိုတာ ဒီနေ့ခေတ်မှာ မကြာဖူးတဲ့ဟာပဲ။ လွန်ခဲ့တဲ့ (၁၈)ရာစု (၁၉)ရာစုက ဖြစ်တဲ့ ဖြစ်ရပ်တွေပါ။ မြန်မာပြည်မှာ အဲဒါက ဖြစ်ရပ်ဆိုးပေါ့နော်။ အလုပ်သမား (၆၀)ကျော်ကို နေလှမ်းခဲ့ပါတယ်”ဟု အလုပ်သမားအရေးဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးဌေးမှ ပြောသည်။

အဆိုပါစက်ရုံရှိ ၀န်ထမ်းများသည် လုပ်ခနည်းပါးမှုအပေါ် ပထမအကြိမ် စုပေါင်းတောင်းဆိုမှုကို လွန်ခဲ့သောနှစ် ဇန်န၀ါရီလ (၃)ရက် ကရင်နှစ်သစ်ကူးနေ့ကလည်း ပြုလုပ်ခဲ့ဖူးပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် စုပေါင်းတောင်းဆိုမှုလည်းဖြစ်သည်ဟု သိရသည်။

ဖိုးစနေ
မြန်မာ့ခေတ်

0 comments:

Post a Comment