22.2.14

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၁၅၇ စုအား ရန်ကုန်တိုင်းဒေသကြီး မင်းကုန်းကျေးရွာအုပ်စု ၀ါးယားကုန်းကျေးရွာအနီးတွင် မြေကွက်များ ပေးမည်



၂၂.၂.၂၀၁၄၊ စနေနေ့

ပဲခူးတိုင်းဒေသကြီးအတွင်း အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေသည့် ဖျက်သိမ်းခံသမီးကလေး ကျေးရွာမှ အိမ်ထောင်စု ၁၅၇ စုအား ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ မင်းကုန်းကျေးရွာအုပ်စု ဝါးယားကုန်းကျေးရွာ အနီးတွင် လာမည့် မတ်လလယ်လောက်တွင် မြေကွက်များ ပြန်လည် ချပေးသွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ လှည်းကူးမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးလှသန်းက ဖေဖော်ဝါရီ ၂၁ ရက် ကThe Daily Eleven သတင်းစာသို့ ပြောကြားသည်။



၎င်းက အဆိုပါအစီအမံမှာ လတ်တလော ပြည်ခိုင်ဖြိုးပါတီ၏ အစီအမံဟု ပြောနိုင်ကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ သဘောတူညီမှုရသဖြင့် အောင်သိဒ္ဓိဘုန်းတော် ကြီးကျောင်း၌ ခိုလှုံနေသည့် ဖျက်သိမ်းခံ သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၁၅၇ စုထံသို့ အဆိုပါ အစီအမံအား လက်သင့်ခံမခံ သွားရောက်မေးမြန်းရာ ရွာသားများက သဘောတူ လက်ခံသဖြင့် လာမည့်မတ်လ လယ်ခန့်တွင် ပြောင်းရွှေ့နိုင်အောင်ကြိုးစား သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုသို့ အိမ်ထောင်စု ၁၅၇ စုအား မြေ ကွက်များ ပြန်လည်ချပေးရာတွင် အကြမ်း ဖျင်းအားဖြင့် ပေ ၄ဝ_၆ဝ မြေကွက်များ ဖြစ် ကာ မဲနှိုက် ချပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါအိမ်ထောင်စုများမှာ ဝါးယားကုန်း ကျေးရွာ၏ ရပ်ကွက်ကြီးတစ်ခုအဖြစ် အကျုံးဝင်သွားမည်ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းက ပြောကြား သည်။

“ကျွန်တော်တို့က အကြမ်းဖျင်းအစီ အစဉ်ပေါ့။ ကျွန်တော်တို့စီစဉ်ပေးမယ့်နေ ရာမှာ နေနိုင်ဖို့ ရွာသားတွေသဘောတူမတူ သွားမေးပါတယ်။ သူတို့အားလုံးသဘောတူ တဲ့အတွက် ကျွန်တော်တို့က ရွှေ့ပြောင်းပေးမယ့်ရွာနားမှာ မြေနေရာဝယ်သွားမှာပါ။ အဲဒီအစီအစဉ်က ပြည်ခိုင်ဖြိုးပါတီရဲ့အစီအမံ လို့ပဲ ပြောလို့ရပါတယ်။ ကျွန်တော်တို့ ဝန် ကြီးချုပ်ဆီက သဘောတူညီချက် ရပြီးလို့ အလှူရှင်တွေနဲ့ ပေါင်းပြီး ဝယ်သွားမှာပါ။ ဝါးယားကုန်းကျေးရွာအနီးနား ပတ်ဝန်းကျင် မှာပဲဖြစ်ပါတယ်။ ကိုးဧကနဲ့ ၁ဝ ဧကကြားဝယ်ပြီး အကွက်ရိုက် မဲနှိုက်ပြီးတော့ လာမယ့် မတ် ၁၇ ရက်လောက်မှာ စတင်ပြောင်းရွှေ့သွားနိုင်ဖို့ ကြိုးစားသွားမှာပါ”ဟု ၎င်းကဆက်လက် ပြောကြားသည်။

အောင်သိဒ္ဓိကျောင်းဆရာတော် ဦးအဂ္ဂ ဓမ္မက “ဒီနေ့ နေ့လယ် ၂ နာရီခွဲလောက်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းတို့ ရောက်လာပါတယ်။ သူတို့က ရွာသားတွေကို မြေကွက်ပေးပြီး နေရာပြန်ချ ပေးမယ့်အကြောင်း လာပြောတာပါ။ ဦးဇင်း ကျောင်းမှာမှီခိုနေတဲ့ အိမ်ထောင်စု ၁၅၇ စု ကို စာရင်းကောက်သွားပါတယ်။ ဝါးယား ကုန်းကျေးရွာနားမှာ ပြန်ချပေးမယ်လို့တော့ သိရပါတယ်”ဟု The Daily Eleven သ တင်းစာသို့ ပြောကြားသည်။

သမီးကလေးကျေးရွာသားတစ်ဦးက “ကျွန်တော်တို့ကို ခုလိုမျိုးလူကြီးတွေက နေ ရာပြန်ချပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ဒီလိုမျိုးစီစဉ်ပေးတဲ့ အတွက် ကရင်ပြည်နယ်ကို သွားစရာမလိုတော့ပါ ဘူး။ အရင်က မစီစဉ်ပေးခဲ့ရင်တော့ ကရင်ပြည်နယ်ကို ပြောင်းရွှေ့သွားဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ နယ်ရှိ သမီးကလေးကျေးရွာအား ဖေဖော်ဝါ ရီ ၄ ရက် နံနက်အစောပိုင်းက တပ်ပိုင်မြေအတွင်း ကျူးကျော်သည်ဟုဆိုကာ ရွာလုံးကျွတ် ဖယ်ရှားခဲ့ပြီးနောက် နေအိမ် ဖျက်သိမ်းခံ အိမ်ထောင်စုများမှာ ပဲခူးတိုင်းဒေသကြီး၊ အ လိုင်နီဆည်အနီးရှိ အောင်သိဒ္ဓိဘုန်းတော် ကြီးကျောင်း၌ ခိုလှုံနေရာ ပဲခူးမြို့နယ်အုပ် ချုပ်ရေးပိုင်းက အဆိုပါရွာသားများအား ဖယ်ရှားပေးရန် အမိန့်များဆက်တိုက်နီးပါး ထုတ်ပြန်ခဲ့ပြီး ကျောင်းတက်နေသည့် ကလေးများ စာမေးပွဲပြီးစီးသည့် မတ် ၁၇ ရက် နောက်ဆုံးထားပြောင်းရွှေ့ပေးရန် အသိ ပေးထားသည်။

ထို့ပြင် ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်DKBA ကလည်း အဆိုပါ ဖယ်ရှားခံ သမီးကလေးကျေးရွာသားများအား စားနပ်ရိက္ခာများ လာရောက်လှူဒါန်းခဲ့ပြီး ရွာသားများဆန္ဒရှိပါက လိုက်ပါနိုင်ရန် ကားများဖြင့်လာရောက် ခေါ်ဆောင်ခဲ့သော်လည်း ရွာသားများက အစိုးရ၏တုံ့ပြန်မှုကို စာမေး ပွဲပြီးဆုံးသည်အထိ စောင့်ဆိုင်းမည်ဟု ဆို ကာ လိုက်ပါသွားခြင်းမရှိသည့် နောက်ပိုင်းယခုလို မြေကွက်များ ပြန်လည် အစားထိုးချ ပေးရန် စီစဉ်လိုက်ခြင်းဖြစ်သည်။

အောင်သိဒ္ဓိဘုန်းတော်ကြီး ၀င်းအတွင်းရှိ ယာယီတဲများကို ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၅ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

Eleven Media Group

0 comments:

Post a Comment